ပိတ်ဆို့အရေးယူမှုနဲ့ ပစ်မှတ်ထားခံရတဲ့ ရုရှားစီးပွားရေးသမားတွေဆီက သိမ်းဆည်းထားတဲ့ ရုရှားပိုက်ဆံတွေကို ယူကရိန်း ရန်ပုံငွေအဖြစ် ပေးပို့မယ့် အမေရိကန်ရဲ့အစီအစဉ်ဟာ ဥပဒေမဲ့ လုပ်ရပ်ဖြစ်ပြီး ဆန့်ကျင် ကန့်ကွက်သွားမှာဖြစ်ကြောင်း ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စ်ကို့ဗ်က စက်တင်ဘာ ၇ ရက်မှာ ပြောပါတယ်။
၀ါရှင်တန်ဟာ ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ ရုရှားလူမျိုး လုပ်ငန်းရှင်သူဌေးကြီးတွေဆီက သိမ်းဆည်းရမိတဲ့ ပိုင်ဆိုင်မှုတွေထဲမှာ ဒေါ်လာ ၅ ဒသမ ၄ သန်းကို ယူကရိန်းကို လွှဲပြောင်းပေးနေပြီး အဲဒီရန်ပုံငွေတွေကို ယူကရိန်းစစ်ပြန်တွေအတွက် ထောက်ပံ့ဖို့ အခုပဲ အသုံးပြုသွားမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီဘလင်ကင်က ဗုဒ္ဓဟူးနေ့မှာ ကိယက်ဗ်ကို လာရောက်တဲ့အချိန်မှာ ပြောသွားပါတယ်။
ဒါနဲ့ ပတ်သက်ပြီး ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ပက်စ်ကို့ဗ်က“နိုင်ငံပိုင်ပစ္စည်း၊ ပုဂ္ဂလိကပိုင်ဆိုင်မှုနဲ့ ရုရှားဖက်ဒရေးရှင်းပြင်ပမှာ ရောနှောပိုင်ဆိုင်ထားမှုတွေနဲ့ ဆက်စပ်နေတဲ့ ဘယ်လိုရန်ပုံငွေမျိုးကိုမဆို တားဆီးခြင်း၊ ဖမ်းဆီးခြင်း၊ တနည်းတလမ်း ထုတ်ယူခြင်းတွေဟာ တရားမဝင် လုပ်ရပ်တွေလို့ သုံးသပ်ထားတာကြောင့် ဒါကို လုံးဝ လက်မခံပါဘူး” လို့ ပြောဆိုပါတယ်။
ဒါက စိတ်ကူးကြည့်ဖို့တောင် ခက်ခဲပြီး နိုင်ငံတကာဥပဒေနဲ့ အဲဒီနိုင်ငံတွေရဲ့ အမျိုးသားဥပဒေနဲ့လည်း မကိုက်ညီကြောင်း၊ ဒါပေမဲ့ အခွင့်အရေးတခု ပေါ်လာတာနဲ့အမျှ ကိုယ့်အခွင့်အရေးကိုယ် ကာကွယ်သွားမှာပါလို့ ပက်စ်ကို့ဗ်က သတင်းထောက်တွေကို ပြောပါတယ်။
Source/Photo-Reuters