စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် မောက္ကထော်ချောင်းရိုးဒေသကို စစ်ကောင်စီတပ်သားတွေ စက်တင်ဘာ ၆ ရက် ညနေ ၄ နာရီခွဲက တိုက်ခိုက်ခံခဲ့ရပြီးနောက် အင်ပင်လှရွာနဲ့ ယားရွာက အမျိုးသား ၆ ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ Student's Revolutionary Force ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အနီးနားကျေးရွာတွေက ပျူစောထီးတွေ ပါဝင်တဲ့ အင်အား ၅၀ နီးပါးပါ စစ်ကောင်စီစစ်ကြောင်းကို ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ SRF က တိုက်ခိုက်ခဲ့တယ်လို့ Students Revolutionary Force တပ်မှူး ဆရာစံက ပြောပါတယ်။
“သူတို့ကို ညနေ ၄ နာရီခွဲကနေ ၇ နာရီလောက်အထိ တိုက်ခိုက်ခဲ့တယ်။ ၃ နာရီနီးပါး ကြာပါတယ်။ သူတို့ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ်။ တိုက်ပွဲ ပြင်းထန်ပါတယ်။ ဒီမနက် သိထားရသလောက် သူတို့ဘက်က ငါးယောက် ဒဏ်ရာရထားတယ်။”
မောက္ကထော်ချောင်းရိုးဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်မှုရှိခဲ့သလို ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့က ရဲဘော်တဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
“အခုစစ်ကြောင်းက ဘယ်ရောက်နေလဲဆိုတာ ပျောက်နေတယ်။ ရွာသား ၆ ယောက်ကိုလည်း သူတို့စစ်ကြောင်းနဲ့တွေ့လို့ ဖမ်းသွားတယ်။ ဘာကြောင့်ဖမ်းသွားတယ် မသိရသေးဘူး။ ဒီနေ့ထိ မလွတ်လာသေးဘူး” လို့ ဆရာစံက ပြောပါတယ်။
မင်းကင်းမြို့ပေါ်က EPC ရုံးမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို စက်တင်ဘာ ၅ ရက်ကလည်း ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဆရာစံက “သူတို့ဘက်ကလည်း ပြန်ခံပစ်တယ်။ တောင်ပေါ်ကနေလည်း ပစ်ပါတယ်။ တိုက်ပွဲ စချိန်မှာပဲ ပြန်ပစ်နိုင်ပါတယ်။ ကျနော်တို့ ဝင်ပစ်တဲ့အချိန်မှာ သူတို့က ပြန်ဆုတ်ပြေးတယ်။ ပြေးတဲ့အချိန်မှာ ခံပစ်တာက နောက်တရွာကျော်က ပြန်ပစ်တာပါ” လို့ ပြောပါတယ်။
မင်းကင်းမြို့နယ် EPC ရုံးထဲက စစ်သားတွေဆီက ကာဘိုင် M2 ၁ လက်၊ 5.56 ကျည် ၃၂၆ တောင့်၊ .30 ကျည် ၃၃၉ တောင့်၊ MA ကျည်ဘောက် ၅ ခု၊ ဗုံးသီး ၁ လုံး၊ ငွေ ၆၅၄,၉၀၀ ကျပ်နဲ့ ဆိုင်ကယ် ၄ စီး သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။