စစ်ကိုင်းတိုင်းအထက်ပိုင်းဘက်မှာ မိုးရွာသွန်းမှုတွေ ခပ်စိတ်စိတ်များနေပြီး လမ်းပိုင်း ပျက်စီးနေတာကြောင့် ကလေးဝ-မဟာမြိုင် လမ်းပိတ်ပြီး ကုန်တင်ယာဉ်တချို့လည်း ပိတ်မိနေတယ်လို့ ကုန်တင်ယာဉ်လိုင်းတွေဆီက သိရပါတယ်။
စက်တင်ဘာ ၄ ရက်က စတင်ပြီး ပျဉ်းကိုင်းတောင်ပါ် ၅၆ မိုင်ဘက်မှာ လမ်းဗွတ်ထကာ ချောနေပြီး ကားတစီး ဗွတ်ထဲနစ်နေတာကြောင့်လမ်းပိတ်နေတာလို့ ဆိုပါတယ်။
ကုန်တင်ယာဉ်လိုင်းအသင်း တာဝန်ခံတဦးက “ကလေးဘက်ကနေ တက်ခဲ့တဲ့ အတက်ကားတချို့က သောဂျင်ဘက်မှာ စောင့်နေကြရတာ။ နောက်ထပ် အတက်ကားတော့ မရှိသေးဘူး။ အောက်ပိုင်းဘက်ကနေ ဆင်းခဲ့တဲ့ကားတွေတော့ ပိတ်မိနေကြတာ ၄ ရက်လောက်ရှိနေပြီ” လို့ ပြောပါတယ်။
ကလေးမြို့ကနေ မြန်မာပြည်အောက်ပိုင်းဘက်ကို သွားတဲ့ ကလေး-ဂန့်ဂေါလမ်းက လမ်းကြောပိတ်နေတာ ၂ နှစ် ကြာမြင့်နေပြီဖြစ်တာကြောင့် ကလေးမြို့၊ တမူးမြို့နဲ့ ကလေးဝမြို့က ဒေသခံတွေ ကုန်စည်ဆက်သွယ်ကူးသန်းရောင်းဝယ်ရေးနဲ့ ခရီးသွားလာရေးပိုင်းမှာ ကလေးဝ-မဟာမြိုင်လမ်းကို အဓိက ဦးစားပေး အသုံးပြုနေရတာပါ။
လမ်းကြောပိတ်ဆို့နေတာကြောင့် ကလေးမြို့တွင်းမှာ စက်သုံးဆီတွေကိုလည်း ဆိုင်တချို့က အကန့်အသတ်နဲ့သာ ရောင်းချပေးနေတယ်လို့ ကလေးမြို့ခံတဦးက ပြောပါတယ်။
အဲဒီ မဟာမြိုင်လမ်းပိုင်းဟာ တိုက်ပွဲတွေဖြစ်ပွားတာကြောင့် လမ်းကြော မကြာခဏ ပိတ်လေ့ရှိနေတယ်လို့ လမ်းပိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကလည်း မဟာမြိုင်တောအနီးမှာ တိုက်ပွဲတွေကြောင့် ၃ ပတ်နီးပါး လမ်းကြောပိတ်ခဲ့ပါသေးတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြန်တဝန်း နေရာအနှံ့အပြားမှာ ဒေသတွင်း တိုက်ပွဲတွေနဲ့ လမ်းကြောပျက်စီးမှုတွေကြောင့် လမ်းပိုင်းပိတ်ဆို့တာတွေ ဖြစ်နေပါတယ်။
ဓာတ်ပုံ - ဆာကူရာ