Home
နိုင်ငံတကာ
ဂါဘွန်သမ္မတကို လွတ်လပ်စွာသွားလာခွင့်ပေးထားဟု အာဏာသိမ်းစစ်ခေါင်းဆောင်ပြော
DVB
·
September 7, 2023
Gabon Military leader_Reuters_07092023

ဂါဘွန်နိုင်ငံရဲ့ ဖြုတ်ချခံရတဲ့ သမ္မတ အလီဘွန်ဂိုကို ကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုတွေကြောင့် လွတ်လပ်စွာသွားလာခွင့်ပေးထားပြီး ဆန္ဒရှိရင် နိုင်ငံခြားကို သွားရောက်ပြီး ကျန်းမာရေး စစ်ဆေးမှု ဆေးကုသမှုခံယူနိုင်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေက စက်တင်ဘာ ၆ ရက်မှာ ပြောကြားခဲ့ပါတယ်။

ရေနံထုတ်လုပ်တဲ့ ဗဟိုအာဖရိကနိုင်ငံရဲ့ သမ္မတ အလီဘွန်ဂို သြဂုတ် ၃၀ ရက်က သူ့ရဲ့ သမ္မတကိုယ်ရံတော်တပ်ဖွဲ့ကနေ ဖြုတ်ချခံခဲ့ရပြီးကတည်းက သမ္မတအိမ်တော်မှာပဲ နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံထားခဲ့ရပြီး ဂါဘွန်နိုင်ငံအပေါ် သူ့မိသားစုရဲ့ ၅၆ နှစ်ကြာ အုပ်ချုပ်မှုဟာ အဆုံးသတ်သွားပါတယ်။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဘရိုက်စ်အိုလီဂွီငွယ်မာဟာ ယာယီသမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

အဖိနှိပ်ခံ လူ့အဖွဲ့အစည်းရဲ့ လွတ်မြောက်ခွင့်ရအောင် လုပ်ပေးသူတွေအဖြစ် စစ်တပ်ကို ပုံဖော်ရိုက်ကူးထားတဲ့ ရုပ်မြင်သံကြားက စက်တင်ဘာ ၄ ရက် အခမ်းအနားတခုမှာ သူ့ကိုထောက်ခံသူတွေက ဂုဏ်ပြုအားပေးခဲ့ကြပါတယ်။

ဂါဘွန်အာဏာသိမ်းမှုဟာ အနောက်အာဖရိကနဲ့ ဗဟိုအာဖရိကတို့မှာ ၃ နှစ်အတွင်း ၈ ကြိမ်မြောက် အာဏာသိမ်းမှုဖြစ်ပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်း ဒီမိုကရေစီ တိုးတက်မှုကို ဖျောက်ဖျက်ခဲ့တဲ့ ဒေသတဝန်းမှာ စစ်တပ်က သိမ်းယူမှုတွေ ကူးစက်ပျံ့နှံ့မှုအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ကြပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024