ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုးဟာ ကနေဒါစီးပွားရေးနဲ့ ထုတ်ကုန်တွေကို မြှင့်တင်ဖို့ အင်ဒို-ပစိဖိတ် ခရီးစဉ်အတွင်း စက်တင်ဘာ ၇ ရက်က စင်ကာပူနိုင်ငံမှာ စီးပွားရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ထရူးဒိုးဟာ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ တီမားဆက်ရဲ့ အမှုဆောင်အရာရှိချုပ် ဒယ်လန်ဖီလေ စန်ဒရာဆေဂါရာနဲ့ ကမ္ဘာလုံးဆိုင်ရာ ရေရှည် ရင်းနှီးမြှုပ်နှံသူဖြစ်တဲ့ အချုပ်အခြာ ကြွယ်ဝမှု ရန်ပုံငွေ GIC ရဲ့ အမှုဆောင်အရာရှိချုပ် လင်မ်ချောင်ကျယ်တို့နဲ့ ဆွေးနွေးခဲ့တာပါ။
ဝန်ကြီးချုပ်ဟာ ကနေဒါရဲ့ တင်ပို့ကုန်တွေ မြှင့်တင်ဖို့၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေ အတွက် ရွေးချယ်စရာနေရာ တခုအဖြစ် ကနေဒါကို သတ်မှတ်ဖို့ နှစ်နိုင်ငံဆက်ဆံရေးကို အားကောင်းစေရေး လုပ်ဆောင်နေတယ်လို့ ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။
စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနဲ့ အဓိကပုဂ္ဂလိကကဏ္ဍက ခေါင်းဆောင်အများအပြား နဲ့လည်း တွေ့ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုးဟာ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ ကျင်းပတဲ့ အာဆီယံ-ကနေဒါ ထိပ်သီးအစည်းအဝေးအပြီး စင်ကာပူနိုင်ငံကို ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်မှာ စင်ကာပူဟာ အရှေ့တောင်အာရှမှာ ကနေဒါနိုင်ငံရဲ့ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်ခဲ့ပြီး ကနေဒါနိုင်ငံမှာ ဒုတိယအကြီးဆုံး နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံသူ နိုင်ငံ ဖြစ်တယ်လို့ ကနေဒါဝန်ကြီးချုပ်ရုံးက ပြောပါတယ်။
Source/Photo-Reuters