Home
မြန်မာသတင်း
စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၃၀,၀၀၀ ခန့်ကို ချေမှုန်းနိုင်ခဲ့ဟု NUG ကြေညာ
DVB
·
September 7, 2023
PDF-Hle-Kuu

ခုခံတွန်းလှန်စစ် ၂ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံအနှံ့ တိုက်ပွဲအကြိမ်ရေ ၉,၉၀၀ လောက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၂ ရာခိုင်နှုန်းကျော်ပမာဏဖြစ်တဲ့ အယောက်   ၃၀,၀၀၀ လောက်ထိ ချေမှုန်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ကြေညာပါတယ်။

စက်တင်ဘာ ၇ ရက် ဒီကနေ့မှာ ပြည်သူ့ခုခံတွန်းလှန်စစ် စတင်ကြောင်း ကြေညာခြင်း ၂ နှစ်ပြည့် အစီရင်ခံစာမှာ စစ်ရေးပိုင်း အဓိကတာဝန်ယူရတဲ့ NUG အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနက ခုလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

စစ်ကောင်စီ ကြည်းတပ်မှာ ခြေလျင်တပ်ရင်း ၂၁၄ ရင်းနဲ့ ခြေမြန်တပ်ရင်း ၃၀၇ ရင်းရှိတဲ့ အတွက် မြေပြင်တိုက်ခိုက်ရေးအင်အား ၆၅,၀၀၀ လောက်ရှိနိုင်ပြီး လေတပ်၊ ရေတပ်နဲ့ လက်ရုံးတပ်တွေ အပါအဝင် စစ်ကောင်စီအင်အား ၂၂၅,၀၀၀ ကနေ ၂၄၀,၀၀၀ လောက်ထိ ရှိနိုင်ကာ အခု ခုခံတော်လှန်စစ် ၂ နှစ်အတွင်း စုစုပေါင်းအင်အားရဲ့ ၁၂ ဒသမ ၅ ရာခိုင်နှုန်း စစ်မြေပြင်မှာ ပြုန်းတီးခဲ့ရပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်မြေပြင်မှာ ထိခိုက်သေဆုံးသူတွေသာမက တပ်ပြေးတွေ၊ စစ်တိုက်ဖို့ ငြင်းဆန်တာကြောင့် ထောင်သွင်းအကျဉ်းချခံရသူတွေလည်း အရေအတွက် ထောင်ချီရှိမယ်လို့ ခန့်မှန်းထားတာပါ။

ခုခံတော်လှန်စစ် ပထမနှစ်နဲ့ ဒုတိယနှစ် စစ်ရေးအခြေအနေ နှိုင်းယှဉ်သုံးသပ်ရင်တော့ ပထမနှစ်မှာ မဟာဗျူဟာ ခံစစ်ကာလကို ဖြတ်သန်းခဲ့ပြီး ဒုတိယနှစ်မှာတော့ တန်ပြန်ထိုးစစ် အဖြစ် ပြင်ဆင်တဲ့ မဟာဗျူဟာထိုးစစ် အကြိုကာလကို ကူးပြောင်းရောက်ရှိခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတော်လှန်စစ် ဒုတိယနှစ်ကာလအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ အင်အားဆုတ်ယုတ်မှုကို သိသိသာသာ တွေ့မြင်လာရပြီး တပ်အင်အား ပြန်လည်ဖြည့်တင်းဖို့ ပျူစောထီး အပါအဝင် ပြည်သူ့စစ်တွေ၊ နယ်ခြားစောင့်တပ်တွေ၊ စစ်မှုထမ်းဟောင်းတွေ၊ အသက်မပြည့်သေးတဲ့ တပ်သားသစ်တွေကို တိုးချဲ့စည်းရုံးနေရုံသာမက စစ်သားတွေရဲ့ ဇနီးမယားတွေ၊ Non-CDM ဝန်ထမ်းတွေကိုပါ လက်နက်ကိုင်စေပြီးတော့ စစ်ပွဲမှာ အသုံးချဖို့ အားထုတ်နေတာကိုလည်း တွေ့ရတယ်လို့ ပြောပါတယ်။

NUG အစိုးရအနေနဲ့ကတော့ နိုင်ငံတဝန်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၂၉၃ ရင်း စုဖွဲ့တည်ဆောက်နိုင်ခဲ့ပြီး တပ်ရင်းအဖြစ် အသိအမှတ်ပြုဖို့ စိစစ်ဆဲ တပ်ရင်း ၆၈ ရင်းနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကို မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ ဖွဲ့စည်းနိုင်ခဲ့ပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ပြည်နယ်တွေမှာ တိုင်းရင်းသားကာကွယ်ရေးတပ်ဖွဲ့တွေလည်း ဖွဲ့စည်း ပေါ်ပေါက်ခဲ့ပြီး လက်ရှိအချိန်ထိ ပြည်နယ် ၅ ခုမှာ တိုင်းရင်းသားကာကွယ်ရေးတပ်ဖွဲ့ ၂၂ ဖွဲ့ထိ ဖွဲ့စည်းခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ခုခံတော်လှန်စစ် ပထမနှစ်မှာ ရန်သူ့စခန်း ၂၈ ခုကိုသာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမဲ့ ဒုတိယနှစ်မှာတော့ ရန်သူ့စခန်းပေါင်း ၁၀၇ ခုအထိ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် တနှစ်အတွင်း စခန်းသိမ်းတိုက်ပွဲ ၃ ဆကျော် ဆင်နွှဲနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024