ကချင်ပြည်နယ်ကနေ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထိ တခုတည်းသော လမ်းမဖြစ်တဲ့ ဟူးကောင်းချို့ဝှမ်းလွင်ပြင် ပန်ဆောင်တောင်ကြားလမ်း လီဒိုလမ်းမကြီး လမ်းပိုင်းတလျှောက် တောင်ပြိုပြီး လမ်းပျက်စီးနေတာကြောင့် ဒီနေ့အထိ နန်းယွန်းမြို့နယ်ကို သွားလာလို့ မရသေးဘဲ ဒေသခံတွေ အခက်အခဲ ကြုံနေကြပါတယ်။
ဒေသခံတဦးက “ဇူလိုင်လဆန်းကတည်းက မိုးသည်းတော့ ရှင်ဘွေယန်လမ်းပိုင်း ၅ မိုင်လမ်း မြေပြိုတာမို့ ခရီးစဥ်တွေ ရပ်နေတာ ၂ လကျော်လာပြီ။ ခု ၅ မိုင်လမ်း ဖြတ်လို့ရသွားပေမဲ့ နန်းယွန်းဘက် လမ်းပိုင်းက တောင်ပြိုတော့ နန်းယွန်းထိ ကားတွေသွားလို့မရသေးဘူး” လို့ ပြောပါတယ်။
တနိုင်း-ရှင်ဘွေယန် လမ်းပိုင်းမှာလည်း ခလုံးရွာကတ္တရာလမ်း ပြိုကျတာမျိုးတွေ ဇူလိုင်လလယ်လောက်မှာ ဖြစ်ခဲ့သလို ရှင်ဘွေယန်-နန်းယွန်းလမ်းပိုင်း တံတားတွေ မိုးရေကြောင့် တောင်ပြိုကာ တံတားပျက်စီးမှုတွေ ဖြစ်ခဲ့တာပါ။
ခရီးသွားတဦးက“လမ်းကတော့ ကားသမားတွေ ခရီးသည်တွေနဲ့ ရှင်ဘွေယန်မြို့သားတွေက သွားလာလို့ ဖြစ်အောင် ပြုပြင်ရတယ်။ ဌာနဆိုင်ရာ အကူအညီတွေကို အဓိက အားကိုးနေရုံနဲ့ မရပါဘူး။ သူတို့တော့ ပါရတာပေါ့။ ခရီးကြန့်ကြာမှုတွေက ပြည်သူအားလုံးအပေါ် ရိုက်ခတ်မှု ရှိလာတတ်တယ် မဟုတ်လား” လို့ ပြောပါတယ်။
ဇူလိုင်လလယ်လောက်မှာလည်း တနိုင်း-ရှင်ဘွေယန်လမ်းပိုင်း ခလုံးကျေးရွာမှာ ကတ္တရာလမ်း ပြိုကျမှုဖြစ်ခဲ့ပြီး လမ်းအောက် ရေသွယ်မြောင်းပြုလုပ်ထားတဲ့ ဟန်းကောပိုက်တွေကို ခိုးယူတူးဖော် ရောင်းစားသူတွေကြောင့်လို့လည်း သိရပါတယ်။
အလားတူ မြစ်ကြီးနား-တနိုင်း လမ်းပိုင်းက နောင်းမီရွာလောက်ကနေ လမ်းဘေး လမ်းလယ် စသဖြင့် အပျက်အစီးများရုံမက တိန်ကောက်၊ ဝရာဇွပ်၊ ရှထူးဇွပ်ရွာ ဂျာဘူတောင်လမ်းတွေ အကုန်လုံး လမ်းအခြေအနေ အလွန်ဆိုးရွားနေတယ်လို့ ယာဥ်မောင်းတဦးက ပြောပါတယ်။
နန်းယွန်းလမ်းပိုင်းလည်း ၂၀ မိုင် အပေါ်တံတားကနေ ၂၁ မိုင် တာဝါတိုင်ကွေ့ထိ တောင်ပြိုပြီး အောက်ကလမ်းတွေပိတ် မြေပြိုတဲ့နေရာ ၃ နေရာထိ ရှိနေပြီး စက်တင်ဘာ ၆ ရက်ထိတော့ နန်းယွန်းထိ လမ်းမပေါက်သေးဘူးလို့ နန်းယွန်းဒေသခံတဦးက ပြောပါတယ်။
ဒီလို လမ်းတွေပျက်စီးရခြင်းက ရာသီဥတုကြောင့်အပြင် ကိုဗစ်ကာလ လမ်းတံတား ကန်ထရိုက်တာတွေက လမ်းပိုင်းတွေကို သေချာမဖောက်ခဲ့တာကြောင့် မြေသားလမ်း၊ ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း စသဖြင့် ၃ မျိုး တလှည့်စီဖြစ်နေသလို လီဒိုလမ်းမကြီးပေါ်က မြို့ဝင်မြို့ထွက် နေရာတွေလောက်ပဲ လမ်းအခြေအနေ ကောင်းတာကြောင့် ဆိုးဝါးစွာပျက်စီးတဲ့ နေရာတွေက ခရီးဆက်လို့မရဘဲ အခက်အခဲ ကြုံနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။