ရိုမေးနီးယားနိုင်ငံ ပိုင်နက်အတွင်း ရုရှားဒရုန်းလေယာဉ်တွေက ဗုံးကြဲခဲ့တယ်လို့ ယူကရိန်းက ပြောအပြီး နှစ်ရက်အကြာမှာ နေတိုးအဖွဲ့ဝင် ရိုမေးနီးယားနိုင်ငံပိုင်မြေပေါ်မှာ ရုရှားဒရုန်းတွေရဲ့ အစိတ်အပိုင်းတွေ ကျရောက်ခဲ့တယ်လို့ ရိုမေးနီးယား ကာကွယ်ရေးဝန်ကြီး အိန်ဂျယ် တယ်လ်ဗာက စက်တင်ဘာ ၆ ရက်မှာ ပြောပါတယ်။
ရိုမေးနီးယားပိုင်နက်အတွင်း ဒါနုဘေမြစ်ရဲ့ ရိုမေးနီးယားဘက်ခြမ်းမှာ ဒရုန်းတွေ ပြုတ်ကျတဲ့ သတင်းတွေကို ရိုမေးနီးယား အာဏာပိုင်တွေက အစောပိုင်းက ငြင်းဆိုခဲ့ပြီး အိမ်နီးချင်း ယူကရိန်းနိုင်ငံထဲမှာ ရုရှားရဲ့ တိုက်ခိုက်မှုတွေက ရိုမေးနီးယားနိုင်ငံအပေါ် တိုက်ရိုက်ခြိမ်းခြောက်မှု မဖြစ်စေဘူးလို့ ပြောခဲ့ပါတယ်။
ရိုမေးနီးယားသမ္မတ ကလောက်စ် အီယိုဟန်နစ်စ်က ရုရှားမောင်းသူမဲ့လေယာဉ်နဲ့ သက်ဆိုင်တဲ့ အစိတ်အပိုင်းတွေကို တွေ့ရှိကြောင်း အတည်ပြုလိုက်တာဟာ ပြင်းထန်တဲ့ ချိုးဖောက်မှု ဖြစ်နိုင်တယ်လို့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
ဒရုန်းယာဉ် အစိတ်အပိုင်းတွေက ဒုက္ခပေးမယ့် ခြိမ်းခြောက်မှုအဖြစ် အဆိုမပြုနိုင်သေးလို့ ပတ်ဝန်းကျင်ကလူတွေကို မရွှေ့ပြောင်းရသေးဘူးလို့လည်း သူကပြောပါတယ်။
အပိုင်းအစတွေရဲ့ ဇာစ်မြစ်ကို အတည်ပြုနိုင်ဖို့ ခွဲခြမ်းစိတ်ဖြာ သုံးသပ်မယ်လို့လည်း ဆက်ပြောပါတယ်။
ဗီဒီယိုနဲ့ ဓာတ်ပုံတွေထဲမှာ မြင်ရတဲ့ ပေါက်ကွဲမှုဖြစ်တဲ့နေရာက ဧရိယာရဲ့ သစ်ပင်တန်းတွေနဲ့ မြေမျက်နှာသွင်ပြင်တို့နဲ့ ကိုက်ညီနေလို့ ရိုက်တာသတင်းဌာနက အတည်ပြုနိုင်ခဲ့ပါတယ်။
ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းနဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံရိုက်တဲ့ ရက်စွဲကို ရိုက်တာသတင်းဌာနက အတည်မပြုနိုင်သေးပါဘူး။
ရိုမေးနီးယားနယ်စပ်နဲ့ မီတာရာချီဝေးတဲ့ စပါးတွေတင်နေတဲ့ သင်္ဘောတွေရှိရာ ယူကရိန်းနိုင်ငံဘက်ခြမ်းက အစ်မေးလ် မြစ်ဆိပ်ကမ်းမှာရှိတဲ့ အခြေခံအဆောက်အဦတွေကို ရုရှားက ၃ ညမြောက် လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
ဒါကြောင့် မြစ်တဖက်ကမ်း ရိုမေးနီးယားနိုင်ငံထဲက ပလောင်ရူရွာမှာ အိမ်တွေရဲ့ ပြတင်းတံခါးတွေ ရိုက်ခတ်ကုန်ပါတယ်။
ဒီဖြစ်ရပ်ဟာ စုပေါင်းကာကွယ်ရေး ကတိကဝတ် ထားရှိရာ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ရိုမေးနီးယားအတွက် လုံခြုံရေး ဘေးအန္တရာယ်တွေ ပိုတိုးလာနေတာကို ပြနေတယ်လို့ ရိုက်တာသတင်းဌာနက သုံးသပ်ထားပါတယ်။
Source/Photo-Reuters