မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်အောင် စစ်အာဏာရှင်ကို ဆက်လက်ဖိအားပေးသွားမယ်လို့ အမေရိကန် ဒုတိယသမ္မတ ကမ်မလာဟဲရစ်က ပြောကြားလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ စက်တင်ဘာ ၆ ရက်က ကျင်းပတဲ့ အာဆီယံ- အမေရိကန် ထိပ်သီးအစည်းအဝေးမှာ ပြောလိုက်တာဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ကြောက်မက်ဖွယ်ရာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ မတရားဖမ်းဆီးထိန်းသိမ်းထားသူ အားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ အားလုံးပါဝင်တဲ့ ဒီမိုကရေစီစနစ်လမ်းကြောင်း ပြန်လည်ထူထောင်ဖို့ အမေရိကန်အနေနဲ့ စစ်အာဏာရှင်ကို ဆက်လက်ပြီး ဖိအားပေးသွားမယ်လို့ အမေရိကန် ဒုတိယသမ္မတ ကမ်မလာဟဲရစ်က ပြောပါတယ်။
တဆက်တည်းမှာပဲ အမေရိကန်- အာဆီယံစင်တာကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့မှာ ဖွင့်လှစ်လိုက်တယ်လို့လည်း ကြေညာပါတယ်။
အာဆီယံ- အမေရိကန် ထိပ်သီးအစည်းအဝေးမှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ကတော့ တက်ရောက်ခဲ့ခြင်းမရှိဘဲ သမ္မတ ကိုယ်စား ဒုတိယသမ္မတ ကမ်မလာဟဲရစ်က တက်ရောက်ခဲ့တာဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ လက်ရှိအလှည့်ကျဥက္ကဋ္ဌအဖြစ် သူ တာဝန်ယူထားရတဲ့ တစ်နှစ်အတွင်း နောက်ဆုံးကျင်းပတဲ့ အာဆီယံထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို စက်တင်ဘာ ၅ ရက်ကနေ ၇ ရက်နေ့အထိ ဂျကာတာမြို့မှာ ကျင်းပနေတာဖြစ်ပါတယ်။
ဒီအစည်းအဝေးမှာဘဲ မြန်မာ့အရေးဖြေရှင်းဖို့အတွက် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်က လမ်းညွှန်ချက်အဖြစ် ဆက်ရှိနေဆဲဖြစ်တယ်လို့ အင်ဒိုနီးရှားသမ္မတက ပြောဆိုထားပါတယ်။
Photo - ASEAN