ရန်ကုန်၊ တောင်ဒဂုံမြို့နယ်၊ ၇၂ ရပ်ကွက် အကြော်တဲမှတ်တိုင်မှာ အမျိုးသမီးတယောက်ဆီက ဖုန်းနဲ့ငွေလုသွားပြီး ထပ်မံခြိမ်းခြောက်ငွေတောင်းသူ သုံးယောက်ကို ရပ်ကွက်နေ ပြည်သူတွေက စက်တင်ဘာ ၆ ရက် ဒီနေ့မနက်က ဝိုင်းဝန်ဖမ်းဆီးခဲ့ရာ ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ဖမ်းဆီးပေးသူတွေကို ဆဲဆိုကြိမ်းမောင်းခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
တောင်ဒဂုံမြို့နယ် ၇၂ ရပ်ကွက် ဗန္ဒုလလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာ စက်တင်ဘာ ၁ ရက် ညနေ ၆ နာရီက အလုပ်ကပြန်လာတဲ့ အမျိုးသမီးတယောက်ကို လုယက်သူကဆိုင်ကယ်နဲ့တိုက်ပြီး ဖုန်းနဲ့ငွေ ကျပ် ၈ သိန်းလုယူသွားခဲ့ပါတယ်။
ဒါ့အပြင် နောက်တနေ့မှာ အဆိုပါ အမျိုးသမီးရဲ့ ဦးလေးဖြစ်သူကို လုယက်သူက ခြိမ်းခြောက်ငွေတောင်းခဲ့ပြီး ဒီနေ့မနက် လူယက်သူနဲ့ အပေါင်းပါ ၃ ယောက်ကို အိမ်ကို ငွေလာယူစဥ် ရပ်ကွက်နေတွေက ဝိုင်းဝန်းဖမ်းဆီးလိုက်တာလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
“လုတဲ့နေ့က ဖုန်းရော ငွေရှစ်သိန်းရော ဝန်ထမ်းကတ်တွေရော ပါသွားတယ်။ နောက်ရက်မှာ သူ့ဦးလေးကို ဖုန်းဆက်ပြီး ငွေတောင်းတယ်။ ဘယ်လိုခြိမ်းခြောက်လဲတော့ မသိဘူး။ ငွေ ၄ သိန်း ပေးရင် ဖုန်းပြန်ပေးမယ်ပေါ့။ လာယူတဲ့အချိန် ရပ်ကွက်ကလူတွေနဲ့ အုပ်ချုပ်ရေးဝိုင်းဖမ်းတာ”လို့ ပြောပါတယ်။
လုယက်ခြိမ်းခြောက်သူ သုံးယောက်ကို ရပ်ကွက်က ဖမ်းဆီးခဲ့ပြီးနောက် တောင်ဒဂုံမြို့မရဲစခန်းမှ ရဲတွေ ရောက်လာချိန်မှာ ဖမ်းဆီးပေးခဲ့သူကို ဆဲဆိုကြိမ်းမောင်းတယ်လို့ အကြော်တဲမှတ်တိုင်မှာ နေသူတဦးက ဒီဗွီဘီ ကိုပြောပါတယ်။
“လုယက်ခံရတုန်းကလည်း ရဲစခန်းက အရေးမယူဘူး။ ရပ်ကွက်က ဝိုင်းဖမ်းပေးတော့ ရဲတွေက ဆဲတယ်။ အဲဒါကြောင့်လည်း ပြည်သူတွေက လုယက်ခံရရင် မကူညီချင်တော့တာ။ ဓာတ်ပုံရိုက်လို့ ဆဲတာမဟုတ်ဘူး။ သူတို့ လိုင်းကြေးပေးထားတဲ့သူတွေကို ဖမ်းလို့ ဆဲတာ”လို့ ရှင်းပြပါတယ်။
ဖမ်းဆီးရမိသူများမှာ ဝေယံ၊ မြတ်ဇော်ဟိန်း၊ ချစ်စိုင်း တို့ဖြစ်ပြီး တောင်ဒဂုံမြို့မရဲစခန်းမှ စစ်ဆေးနေတယ်လို့ သိရပြီး ငွေကြေးတောင်းခံပြီး ပြန်လွှတ်ပေးလိုက်မှာကို ရပ်ကွက်နေသူတွေက ကြောက်လန့်နေတယ်လို့ မြိုခံတွေဆီက သိရပါတယ်။