အာဆီယံထိပ်သီးအစည်းအဝေးကနေ ထုတ်ပြန်ခဲ့တဲ့ မြန်မာအရေး ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ခြင်းအပေါ် အာဆီယံခေါင်းဆောင်တွေရဲ့ ပြန်လည်သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်တွေကို မြန်မာနိုင်ငံအနေနဲ့ ကန့်ကွက်ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဌာနက စက်တင်ဘာ ၅ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ မနေ့က ကျင်းပခဲ့ရာမှာ ဘုံသဘောတူညီချက် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အာဆီယံခေါင်းဆောင်တွေရဲ့ ပြန်လည်သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်တွေ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက အဆိုပါဆုံးဖြတ်ချက်မကြေညာခင် မူကြမ်းကို မြန်မာနိုင်ငံနဲ့ ဆွေးနွေးညှိနှိုင်းခဲ့ပေမဲ့ မြန်မာနိုင်ငံရဲ့ အမြင်နဲ့ ရပ်တည်ချက်တို့ကို ထည့်သွင်းမဖော်ပြဘဲ လျစ်လျူရှုခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် အပြုသဘော မဆောင်တဲ့ သုံးသပ်ချက်တွေနဲ့ တဖက်သတ်ဆန်ပြီး မျှတမှုမရှိတဲ့ ဆုံးဖြတ်ချက်တွေကို ကန့်ကွက်ကြောင်းနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အာဆီယံပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်နဲ့ အခြေခံမူတွေကို လေးစားလိုက်နာဖို့နဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုဖို့ ထပ်လောင်းအသိပေးတယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ကြေညာထားပါတယ်။
အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတ ဂျိုကိုဝီဒိုဒိုကတော့ မြန်မာ့ပဋိပက္ခ ဖြေရှင်းရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအားလုံး သဘောတူညီထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို လမ်းညွှန်ချက်အဖြစ် ဆက်လက်ကိုင်စွဲသွားမယ်လို့ မနေ့က ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ပြောပါတယ်။
“မြန်မာအာဏာရှင်စစ်တပ်ကလွဲရင် တခြားသက်ဆိုင်ရာအဖွဲ့တွေအားလုံးက အင်ဒိုနီးရှားအပေါ် ယုံကြည်မှု ရှိကြပါတယ်။ မြန်မာ့အရေးမှာ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးပါဝင်တဲ့ ဆွေးနွေးညှိနှိုင်းမှုဟာ မြန်မာနိုင်ငံကြောင့် လက်ရှိ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အာဆီယံက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်အတွက် မရှိမဖြစ်အရေးပါတဲ့ အဓိကအချက်အနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ဆက်ပြီးတွန်းအားပေးနေဖို့လိုပါတယ်”လို့ သမ္မတ ဂျိုကိုဝီဒိုဒိုက ပြောပါတယ်။
ဘုံသဘောတူညီချက် ၅ ရပ်ဟာ မြန်မာစစ်အာဏာရှင်ရဲ့ အဟန့်အတား ဖန်တီးမှုတွေကြောင့် အကောင်အထည်ဖော်တဲ့နေရာမှာ တိုးတက်မှုမရှိဖြစ်နေကြောင်းနဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေအပေါ်မှာ ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဇမ်ဘရီအဗဒူလ်ခါဒီရာကလည်း တိုက်တွန်း ပြောကြားလိုက်ပါတယ်။
လက်ရှိ ဂျာကာတာမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းဝေးတွေမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပါဝင် တက်ရောက်ခွင့်မပြုဘဲ မြန်မာအတွက် ထိုင်ခုံနေရာ ချန်လှပ်ထားပါတယ်။
Photo- ASEAN