မလေးရှားနိုင်ငံ၊ ကလန်တန်းပြည်နယ်၊ ထိုင်း-မလေးရှားနယ်စပ်က တရားမဝင် ငါးဖမ်းသင်္ဘောပေါ်ကနေ မြန်မာလုပ်သားတယောက် ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ မလေးရှားရောက် မြန်မာတွေကို ကူညီနေတဲ့ ပရဟိတအဖွဲ့တွေထံက သိရပါတယ်။
ထွက်ပြေးလွတ်မြောက်လာတဲ့ မြန်မာလုပ်သားဟာ အသက် ၃၀ ခန့်ရှိ ထားဝယ်မြို့က ကိုကျော်ထိုက် ဖြစ်ပါတယ်။ သူဟာ မလေးရှားကို တရားမဝင်ရောက်လာခဲ့တာ ၅ လလောက် ရှိပြီး ပွဲစားရဲ့ ပို့ပေးမှုနဲ့ မြန်မာလုပ်သား ၃၀ လောက်ပါတဲ့ ငါးဖမ်းလှေပေါ်မှာ အလုပ်လုပ်ကိုင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
ငါးဖမ်းလှေ ပင်လယ်ထဲထွက်တဲ့အချိန် မြန်မာလုပ်သားအချင်းချင်း သတ်မယ်လို့ အကြိမ်ကြိမ် ခြိမ်းခြောက်ခံနေရတဲ့အတွက် ပင်လယ်ထဲခုန်ချခဲ့ပြီး ကံကောင်းစွာနဲ့ ကမ်းစပ်ကို ထွက်ပြေး လွတ်မြောက်လာတာ ဖြစ်ပါတယ်။
ဒီနောက် အဆက်အသွယ်တွေ ပြတ်တောက်ပြီး ၅ ရက်လောက် ခြေဦးတည့်ရာ လိုက်သွားပြီးနောက် အိန္ဒိယလူမျိုး မလေးရှားနိုင်ငံသားက ကယ်တင်ခဲ့လို့ မလေးရှားနိုင်ငံရောက် မြန်မာအရေး ကူညီပေးနေတဲ့ ပရဟိတအဖွဲ့ထံ ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
Lovely Heart ပရဟိတအဖွဲ့မှ ကိုသက်ခိုင်စိုးက “သူက ခြေဦးတည့်ရာ လိုက်သွားနေတာ၊ ထမင်းလည်းမစားရဘူး။ အိန္ဒိယလူမျိုးက ကျနော့်ကိုဆက်သွယ်ပြီး သူ့ကို ရုံးကို ခေါ်လာခဲ့ပေးတာပါ။ အခုတော့ ကျနော့်ရုံးမှာပဲ သူ့ကို ထားထားပါတယ်” လို့ ပြောပါတယ်။
မြန်မာလုပ်သားကို ပရဟိတအဖွဲ့ကပဲ ခေါ်ယူစောင့်ရှောက်ထားပြီး နောက်ပိုင်းမှာ အလုပ်အကိုင် ရှာဖွေပေးသွားမယ်လို့ ပရဟိတအဖွဲ့ထံက သိရပါတယ်။