တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကော်ဇယာအုပ်စုမှာ WY စိတ်ကြွရူးသွပ်ဆေးပြား ရောင်းဝယ်ဖြန့်ဖြူးနေသူတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့ဝင်တွေက ထပ်မံ သွားရောက်ဖမ်းဆီးမိခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ စက်တင်ဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ဩဂုတ် ၃၁ ရက်က ကော်ဇယာကျေးရွာအုပ်စု၊ ကော့ကနင်းကျေးရွာနေ ကိုအောင်ကိုလတ်ဟာ WY စိတ်ကြွရူးသွပ်ဆေးပြားတွေ ရောင်းဝယ်ဖြန့်ဖြူးနေတယ်လို့ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တွေက သတင်းရရှိတာကြောင့် သွားရောက်ဖမ်းဆီးခဲ့ပြီး စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၁၀ လုံးကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကျွန်းစုမြို့နယ်၊ ဘန္ဒနဲကျေးရွာအုပ်စု၊ မြိုင်သာယာကျေးရွာနေ ဦးစိုးသန်းနဲ့ ကိုသန်းထိန် (ခ) ကုလား ဆိုသူတွေထံမှ WY စိတ်ကြွရူးသွပ်ဆေးပြား အလုံး ၂၀ ကို ထပ်မံ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကျွန်းစုမြို့နယ် ပကဖ သတင်းတာဝန်ခံက “အခုတော့ သူတို့ ၃ ဦးကို တပ်ရင်းထဲမှာ ထိပ်တုံးခတ်ပြီး အပြစ်ပေးထားတယ်။ သူတို့ရဲ့ ကျန်းမာရေး ထိခိုက်နိုင်တဲ့အတွက် ရက်အကြာကြီး ချုပ်ထားလို့မရဘူး။ အတိုင်းအတာတခုထိတော့ အပြစ်ပေးထားမယ်။ ပြီးတော့ တပ်ရင်းက အလုပ်တွေကို အပြစ်ပေးတဲ့အနေနဲ့ ဝိုင်းကူပြီး လုပ်ခိုင်းမှာပါ” လို့ ပြောပါတယ်။
အဆိုပါ တရားခံ ၃ ဦးကို နောက်နောင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူး သုံးစွဲတာမျိုး လုံးဝမလုပ်ကြဖို့ ပြင်းထန်စွာ သတိပေးဆုံးမခဲ့ပြီး သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါး ၁,၀၃၀ လုံးကို သူတို့ ၃ ဦးရှေ့မှာပဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အခုလုပ်ဆောင်ချက်တွေကို တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ေရအဖွဲ့ (ပကဖ) နဲ့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ကနေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ကျွန်းစုမြို့နယ်အတွင်းရှိ ပင်လယ်ဒေသတွေမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းဝယ်မှုတွေ ပိုမိုဆိုးဝါးလာတဲ့အပြင် စစ်ကောင်စီလက်အောက်ခံ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်တွေကလည်း ဖမ်းဆီးဆောင်ရွက်တာတွေမှာ အားနည်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။
“သိထားရသလောက်ဆိုရင် နယ်မြေခံရဲအဖွဲ့ဝင်တချို့ ကိုယ်တိုင်ကလည်း ဒီထဲမှာ ပါဝင်ပတ်သက်နေတာလေ။ ပြစ်ဒဏ်အတိုင်း မသွားဘဲနဲ့ သူတို့ အောက်ခြေမှာပဲ ပိုက်ဆံနဲ့ ဖြေရှင်းလိုက်ကြတာ။ ဒီတော့ မူးယစ်ဆေးဝါးတွေကတော့ ပျောက်ဖို့မရှိပါဘူး” လို့ ကျွန်းစုမြို့နယ် ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၂ ရက်က သက်သေခံပစ္စည်းတွေနဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရမိ ၃ ဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
အဆိုပါ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတာတွေကို ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေကနေ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုတွေနဲ့ ဆက်လက်ဖမ်းဆီး အရေးယူသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။