ထိုင်းဝန်ကြီးချုပ်သစ် ခွန်ဆေထာထဝီးဆင် ဦးဆောင်တဲ့ အစိုးရအဖွဲ့သစ်ဟာ စက်တင်ဘာ ၅ ရက်က ကျမ်းသစ္စာကျိန်ဆိုခဲ့ကြပြီး အစိုးရအဖွဲ့သစ်အနေနဲ့ ပြည်သူ့အစိုးရဖြစ်ရမယ်လို့ ကတိပြု ပြောကြားလိုက်ပါတယ်။
ပြည်သူတွေရဲ့ ကိုယ်စားလှယ်တွေအဖြစ်နဲ့ ဒီကိုရောက်လာတာဖြစ်လို့ ပြည်သူတွေရဲ့ တောင်းဆိုချက်တွေကို ဖြေရှင်းပေးမှာပါလို့လည်း ကျမ်းသစ္စာကျိန်ဆိုပွဲအပြီးမှာ ကတိပြု ပြောသွားပါတယ်။
ပြဿနာတွေက အများကြီးရှိနေလို့ နေ့တိုင်း မိနစ်တိုင်း မနားမနေ အလုပ်လုပ်သွားမယ်လို့လည်း ဝန်ကြီးချုပ်အသစ် ခွန်ဆေထာထဝီးဆင်က ပြောပါတယ်။
ပါတီ ၁၁ ပါတီနဲ့ ဖွဲ့စည်းထားတဲ့ ညွန့်ပေါင်းအဖွဲ့ကို ဦးဆောင်နေတဲ့ ဖွေ့ထိုင်းပါတီမှ ခွန်ဆေထာထဝီးဆင်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီး ၃၃ ဦးတို့ဟာ ဘန်ကောက်မြို့ရှိ ဒူးဆစ်နန်းတော်မှာ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားအတွင်း ဘုရင်စနစ်အပေါ် သစ္စာစောင့်သိကြောင်းလည်း ကတိပြုခဲ့ကြပါတယ်။
ခွန်ဆေထာထဝီးဆင်ဟာ ပြီးခဲ့တဲ့လက ဝန်ကြီးချုပ်ဖြစ်လာဖို့ ပါလီမန်မှာ မဲဆန္ဒများစုနဲ့ အနိုင်ရခဲ့ပြီး သူ့အစိုးရအဖွဲ့ကို ဘုရင်က စက်တင်ဘာ ၂ ရက်မှာ အသိအမှတ်ပြုခဲ့ပါတယ်။
အသက် ၆၁ နှစ်အရွယ် ပညာတတ် သန်းကြွယ်သူဌေးကြီးဖြစ်တဲ့ ဇိမ်ခံအိမ်ခြံမြေလုပ်ငန်း ဆန်စီရီရဲ့ ဥက္ကဋ္ဌဟောင်း ဆရတ်ထာဟာ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ သူ့အစိုးရအဖွဲ့က အလေးထား ဆောင်ရွက်သွားမယ်လို့လည်း ကတိပြုသွားပါတယ်။
Source/Photo-Reuters