ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်မှာ စက်တင်ဘာ ၄ ရက် ညပိုင်းက မိုးသက်လေပြင်းတွေ ကျရောက်ပြီး သစ်ပင်တွေ လဲကျခဲ့တဲ့အတွက် အမျိုးသားတယောက် သစ်ပင်ပိမိကာ သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မိုးမောက်မြို့နယ်၊ ၇ မိုင်ကုန်းတန်းကျေးရွာအုပ်စု၊ ဝဘော်ကျေးရွာရှိ ကချင်လွတ်မြောက်ရေးတပ်မတော် (အေအိုင်အေ) စခန်းတစ်ခုမှာ လေပြင်းတိုက်ခတ်ခဲ့တာဖြစ်ပြီး သစ်ပင်လဲကျပိမိလို့ သေဆုံးခဲ့သူဟာ ကေအိုင်အေတပ်ဖွဲ့ဝင် ဦးလဗျလဂျာ ဖြစ်ပါတယ်။
ကေအိုင်အေနဲ့ နီးစပ်တဲ့ဒေသခံ တဦးက " ည ၁၀ နာရီလောက် မုန်တိုင်းတိုက်တယ်။ လေအတော်ပြင်းတယ်။ သစ်ပင်တွေလည်း အမြစ်က ကျွတ်ထွက်ပြီးလဲတယ်။ အိမ်တွေဆိုလည်း အမိုးတွေ လန်ကုန်တယ်။ အတော်များများ ပျက်စီးသွားတယ်။ လေမုန်တိုင်းတိုက်နေလို့ဆိုပြီး သူက တဲထဲမှာ နေနေတာ။ အဲဒါ တဲဘေးက သစ်ပင်ကျိုးကျပြီး ပိပြီးသေသွားတာ" လို့ ပြောပါတယ်။
သစ်ပင်ပိမိပြီး သေဆုံးသွားတဲ့ ဦးလဗျလဂျာရဲ့ အလောင်းကိုတော့ လေပြင်းမုန်တိုင်း အားပျော့သွားချိန် မနက်ပိုင်းမှသာ တဲထဲက ပြန်လည်ထုတ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
မိုးမောက်မြို့နယ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (အေအိုင်အေ)နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲ မကြာခဏဖြစ်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာနဲ့ ဒေသခံပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်တာတွေ ပြုလုပ်နေပါတယ်။