Home
မြန်မာသတင်း
CDM လှုပ်ရှားမှု ချဲ့ထွင်ရန် NUG ယာယီ သမ္မတ ဒူဝါလရှီးလ တိုက်တွန်း
DVB
·
September 5, 2023
NUG President Duwa Lashi a

အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုဟာ စစ်အာဏာရှင်စနစ်ကို ချေမှုန်းတဲ့ နေရာမှာ ထိရောက်တဲ့ လူထုလှုပ်ရှားမှုကြီးဖြစ်တာကြောင့် ဒါကို တော်လှန်ရေးမှာ လက်တွေ့ကျအောင် ဘယ်လို ဆက်လက် ချဲ့ထွင်မလဲဆိုတာ စဉ်းစားသုံးသပ်ကြဖို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောပါတယ်။

စက်တင်ဘာ ၅  ဒီကနေ့ ပြုလုပ်တဲ့ NUG အစိုးရရဲ့ အကြိမ် ၃၀ မြောက် အစိုးရအဖွဲ့ အစည်းအဝေးမှာ ခုလိုပြောလိုက်တာဖြစ်ပါတယ်။

ဒူဝါလရှီးလက “ပြည်သူ့အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) ဆိုတာဟာ တချိန်က သပိတ်မှောက် ကြွေးကြော်သံဖြစ်တဲ့ “ရုံးမတက်နဲ့ ရုန်းထွက်” ဆိုတဲ့ အနှစ်သာရထက် အများကြီး ပိုလွန်တယ်ဆိုတာ သတိထားမိဖို့ လိုပါတယ်။ CDM လှုပ်ရှားမှု ဆိုတာ အကြမ်းမဖက်သော လူထုတိုက်ပွဲနဲ့ နယ်ပယ် ကဏ္ဍတိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် တော်လှန်နိုင်တဲ့ တော်လှန်ရေးစွမ်းရည်မျိုး ရှိနေတာတွေ့ရပါတယ်။ ဒါ့အပြင် CDM လှုပ်ရှားမှုဆိုတာဟာ လူထုတိုက်ပွဲကို ပုံသဏ္ဍာန် ဒီဇိုင်းပေါင်းစုံနဲ့ အာဏာဖီဆန်တဲ့ လှုပ်ရှားမှုဖြစ်တယ်လို့ နားလည်ပါတယ်။ နိုင်ငံရေးအတွေးအခေါ် ရှုထောင့်ကနေ ကြည့်ရင်လည်း CDM လှုပ်ရှားမှုဆိုတာဟာ လူထုကြားထဲမှာ လူထုနိုင်ငံရေးနည်းကို အကျယ်ပြန့်ဆုံး၊ အသိမ်မွေ့ဆုံးနည်းနဲ့ ဆွဲဆောင်စည်းရုံးရတဲ့ လူထုလှုပ်ရှားမှုနည်းနာဖြစ်ပါတယ်။ ဒါကို သတိမူပြီးတော့ CDM  လှုပ်ရှားမှုမှာ အနှစ်အသားပြည့်ဝတဲ့ ရလဒ်တွေထွက်အောင် ဦးဆောင်လှုပ်ရှားကြဖို့ ဖြစ်ပါတယ်။ အခု နွေဦးတော်လှန်ရေးအတွင်းမှာလည်း CDM လှုပ်ရှားမှုဟာ စစ်အာဏာရှင်စနစ်ကို ချေမှုန်းတဲ့ နေရာမှာ ထိရောက်တဲ့ လူထုလှုပ်ရှားမှုကြီး ဖြစ်ပါတယ်။ ဒါကို တော်လှန်ရေးမှာ လက်တွေ့ကျအောင် ဘယ်လို ဆက်လက် ချဲ့ထွင်မလဲဆိုတာ စဉ်းစားသုံးသပ်ကြဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် CDM  လှုပ်ရှားမှုမှာ ပါဝင်တဲ့ ပြည်သူ့ဝန်ထမ်းတွေနဲ့ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ လူ့စွမ်းအားအရင်းအမြစ် မပြုန်းတီးအောင် ဝိုင်းဝန်း ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်”လို့ ပြောပါတယ်။

CDM  လှုပ်ရှားမှုကို တိုးချဲ့ဖို့ NUG ခေါင်းဆောင်က တိုက်တွန်းပြောကြားခဲ့ပေမဲ့ ဘယ်လို တိုးချဲ့မယ် ဆိုတာကိုတော့ အသေးစိတ်ပြောဆိုခဲ့တာ မရှိပါဘူး။

စစ်အာဏာသိမ်းမှုကို အကြမ်းမဖက်တဲ့နည်းနဲ့ အာဏာဖီဆန်ခဲ့ကြတဲ့ CDM လှုပ်ရှားမှုမှာ ဆက်လက်ပါဝင်နေကြသူတွေရှိနေပေမဲ့ အချိန် ၂ နှစ်ခွဲကျော်ကြာလာတာနဲ့အမျှ စားဝတ်နေရေး အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာရှိသလို  NUG အစိုးရထံကလည်း အကူအညီ အထောက်အပံ့တွေ မရကြဘူးလို့လည်း ဝေဖန်မှုတွေရှိနေတာပါ။ 

ဒီနေ့ကျင်းပတဲ့ NUG အစိုးရအဖွဲ့ရဲ့ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလကတော့ တော်လှန်ရေးကာလအတွင်းမှာ ပြည်သူလူထုရဲ့ နားမျက်စိပွင့်ရေးကို  အထူးဂရုစိုက်ကြဖို့ လိုတယ်လို့လည်း ပြောကြားသွားပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက “ရှေ့ဆက်ရမယ့် တော်လှန်ရေးခရီးစဉ်တွေကို အမှားအယွင်း နည်းနိုင်သမျှ နည်းနည်းနဲ့ ရှေ့ဆက်လျှောက်လှမ်းကြဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် တော်လှန်ရေး ကာလအတွင်းမှာ ပြည်သူလူထုရဲ့ နားမျက်စိပွင့်ရေးကို အထူးဂရုစိုက်ကြဖို့ လိုပါတယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ဝေခံ သတင်းဌာနတွေက တကယ့် ပြည်သူတွေ ဖြစ်ပျက်နေတာတွေကို သတင်းအမှန် ထုတ်ပြန်တာ မရှိပါဘူး။ လွတ်လပ်သော သတင်းမီဒီယာတွေက ပြည်သူတွေရဲ့ ဖြစ်စဉ် ဖြစ်ရပ်တွေကို ရေးသားဖော်ပြပေမယ့်၊ သူတို့မှာလည်း သတင်းရင်းမြစ်တိကျမှုမှာ အကန့်အသတ်တွေ ရှိနေတာ တွေ့ရပါတယ်။ ဒီကြားထဲမှာ ပြည်သူလူထုအနေနဲ့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ ဒေသတွေလည်း အမြောက်အမြား ရှိနေပါတယ်။ ဒီတော့ လက်ရှိအခင်းအကျင်းမှာ ပြည်သူတွေရဲ့ နားမျက်စိပွင့်ရေးဟာ အကန့်အသတ်တွေ အတားအဆီးတွေနဲ့ ကြုံနေကြရပါတယ်” လို့ ပြောပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်တပ်ရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ် နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013