ရုရှားတောင်းဆိုတဲ့ သဘောတူညီချက်ပါ အချက်အလက်တွေနဲ့ ကိုက်ညီနေရင် ပင်လယ်နက် ကောက်နှံတင်ပို့မှုဆိုင်ရာသဘောတူညီချက်ကို ပြန်အသက်သွင်းနိုင်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က စက်တင်ဘာ ၄ ရက်မှာ ပြောလိုက်ပါတယ်။
လုံခြုံရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုနဲ့ လူသားချင်း စာနာထောက်ထားမှု နယ်ပယ်တွေမှာ ရုရှား-တူရကီ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲအတွင်း တူရကီသမ္မတ တေယစ်အာဒိုဂန်နဲ့ တွေ့ဆုံအပြီး ပူတင်က ပြောသွားတာပါ။
“ရုရှားရဲ့ ကောက်နှံနဲ့ ဓာတ်မြေသြဇာတွေတင်ပို့မှု၊ ရုရှားနိုင်ငံကို စိုက်ပျိုးရေးသုံး စက်ကိရိယာတွေနဲ့ အပိုပစ္စည်းတွေ ပို့ဆောင်မှုကို ပြန်စတင်ဖို့၊ ထောက်ပံ့ပို့ဆောင်ရေးနဲ့ သင်္ဘောတွေရဲ့ ကုန်စည်ပို့ဆောင်မှု၊ ဘဏ်ဝန်ဆောင်မှုတွေနဲ့ စားနပ်ရိက္ခာထောက်ပံ့မှု အာမခံတွေမှာ ကြုံရတဲ့ ပြဿနာတွေကို ဖယ်ရှားနိုင်ဖို့အတွက် ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းဖို့ ရုရှားက အကြိမ်ကြိမ် တောင်းဆိုထားပြီး အနောက်နိုင်ငံတွေက ငြင်းဆန်ပြီး ဆက်လက်ပိတ်ဆို့ထားတာကြောင့် ရုရှားက ရိုးရိုးရှင်းရှင်းပဲ ကောက်နှံ သဘောတူညီချက်ကို ဖျက်သိမ်းမယ့် ဆုံးဖြတ်ချက်ကို ချခဲ့တာ” လို့ ပူတင်က ပြောပါတယ်။
ကောက်နှံတွေတင်ပို့မှု ကိစ္စတွေကို စစ်ရေးရည်ရွယ်ချက်အတွက် အသုံးမပြုသင့်ကြောင်းနဲ့ တူရကီကို ရုရှားရဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေလည်း အဆက်မပြတ် တိုက်ခိုက်ခံနေရကြောင်းလည်း ပူတင်က ပြောဆိုခဲ့ပါတယ်။
ကာတာရဲ့ ဘဏ္ဍာရေးအကူအညီနဲ့ တူရကီကတဆင့် အာဖရိကနိုင်ငံတွေကို ကောက်နှံတန်ချိန် ၁ သန်း ထောက်ပံ့ပေးဖို့ အဆိုပြုချက်ဟာ ပင်လယ်နက် သဘောတူညီချက်အတွက် တခြားနည်းလမ်းတခုအဖြစ် မရည်ရွယ်ကြောင်းလည်း ရုရှားသမ္မတက ပြောပါတယ်။
တူရကီသမ္မတ အာဒိုဂန်ကလည်း ပင်လယ်နက်သဘောတူညီချက်ကို မကြာခင် ပြန်လည်အသက်သွင်းနိုင်ဖို့ အပြန်အလှန်အားဖြင့် ယူကရိန်းကလည်း သူ့ရပ်တည်ချက်ကို ပျော့ပျောင်းသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters