စပိန်အလယ်ပိုင်းမှာ စက်တင်ဘာ ၃ ရက်နဲ့ ၄ ရက် အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကနေ ဖြစ်ပွားတဲ့ ရေကြီးရေလျှံမှုတွေကြောင့် လူ ၂ ဦးသေဆုံးကာ နောက်ထပ် ၂ ဦး ပျောက်ဆုံးနေကြောင်း သိရှိရပြီး လမ်းတွေ၊ မြေအောက်ရထားလိုင်းတွေနဲ့ မြန်နှုန်းမြင့်ရထား အချိတ်အဆက်တွေကို ပိတ်ထားကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
မက်ဒရစ်ဒေသရှိ လမ်းအများအပြားမှာ တံတားဒါဇင်ဝက်လောက် ပြိုကျခဲ့ပြီး မြစ်ကမ်းပါးတွေလည်း ရေလျှံပြီး ပြိုကျခဲ့ပါတယ်။
မက်ဒရစ်ဒေသမှာ အရေးပေါ်ဝန်ဆောင်မှုအဖွဲ့တွေဟာ ညတွင်းချင်း အဖြစ်အပျက်ပေါင်း ၁,၂၀၀ နီးပါးကို ကိုင်တွယ်ဖြေရှင်းခဲ့ပြီး မီးသတ်သမားတွေနဲ့ ရဲတွေဟာ မက်ဒရစ်မြို့ အနောက်တောင်ပိုင်းရှိ အလ်ဒီးဒယ်လ် ဖှရက်စ်နို ကျေးလက်ဒေသမှာ အမျိုးသားတဦးကို ရှာဖွေနေကြောင်း အရေးပေါ်ဝန်ဆောင်မှုအဖွဲ့တွေက ပြောကြားခဲ့ပါတယ်။
ရုတ်တရတ် မိုးရွာသွန်းမှုကြောင့် မက်ဒရစ်၊ ကက်စ်တီး လီလာမန်ချာ၊ ကက်တလိုနီးယားနဲ့ ဗလင်စီယာ ဒေသတွေမှာ မောတော်ကားတွေနဲ့ အမှိုက်ပုံးတွေဟာ ရွှံ့ရည်မြစ်ကြောင်းထဲ ဆွဲပါသွားပါတယ်။ နေရာတော်တော်များများမှာ မိုးသီးတွေလည်း ကျရောက်ခဲ့ပါတယ်။
တိုလီဒိုမြို့လယ်ရှိ ကျေးလက်ဒေသမှာ လူ ၂ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters