ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ကျီးကျွန်းကို စက်တင်ဘာ ၃ ရက်က စစ်ကောင်စီ တပ်အင်အား ၇၀ ကျော် တိုးချလာကြောင်း မျက်မြင်ဒေသခံတွေထံက သိရပါတယ်။
မွတ်စလင် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ (Arakan Rohingya Army) အာရကန် ရိုဟင်ဂျာတပ်မတော်ကို စစ်ကောင်စီက အဲဒီကျီးကျွန်းမှာ စစ်သင်တန်းပေးနေတယ်ဆိုတဲ့ သတင်းတွေ ကျယ်ပြန့်စွာ ထွက်ပေါ်လာပြီးနောက် အခုလို အင်အားတိုးချလာနေတာလည်း ဖြစ်ပါတယ်။
မျက်မြင်ဒေသခံတဦးက “ကျီးကျွန်းမှာ မွတ်စလင်တွေကို စစ်တပ်က စစ်သင်တန်းတွေပေးနေတယ်ဆိုတဲ့ သတင်းတွေ ကျယ်ပြန့်သွားတယ်။ အဲ့ဒါကြောင့် မနေ့က စစ်အင်အား ၇၀ ကျော် ကျီးကျွန်းကို အင်အားတိုးချလာတာ တွေ့ရတယ်” လို့ ပြောပါတယ်။
ကျီးကျွန်းဟာ မြန်မာ-ဘင်္ဂလားနယ်စပ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့အနီးဆုံးကျွန်းတခုဖြစ်ပြီး ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေဟာ အဲဒီကျွန်းကို မွတ်စလင်လူမျိုးတွေဆီ တနှစ် ငွေကျပ် သိန်းရာထောင်ချီနဲ့ ငှားစားခဲ့ပါတယ်။
လက်ရှိလည်း ကွမ်းသီးပင်အုပ်စုက မွတ်စလင်လူမျိုး နော်ဘီလ်ဟူဆောင်းကို စစ်ကောင်စီက ပုဇွန်ကန်လုပ်ပိုင်ခွင့် ပေးထားတာလို့ မောင်တောဒေသခံ နိုင်ငံရေးလေ့လာသူတဦးက ဆိုပါတယ်။
“ဒီကျီးကျွန်းကို စစ်အာဏာရှင်တွေအဆက်ဆက် ငှားစားခဲ့ကြတာဗျ။ ကျွန်းတခုလုံးမှာ ပုဇွန်ကန် ၅၀ ကျော်လောက် လုပ်ကိုင်နိုင်တယ်။ ရလာတဲ့ပုဇွန်ကို ဘင်္ဂလားကို တိုက်ရိုက်တင်ပို့နိုင်တယ်လေ။ အဲ့ဒါကြောင့် ဒီကျီးကျွန်းကို မောင်တောဒေသက မွတ်စလင်သူဌေးတွေ အလုအယက် ငှားခွင့်ရဖို့ စစ်ကောင်စီ အာဏာပိုင်တွေကို ချဉ်းကပ်ပြီး ရယူထားရတာ။ အခုဆို မူးယစ်ဆေးပါ လမ်းကြောင်းဖြောင့်နေတာပေါ့ဗျာ။”
ကျီးကျွန်းဟာ နတ်မြစ်အတွင်းတည်ရှိပြီး မြန်မာဘက်က ပိုင်ဆိုင်တဲ့ ကျွန်းတကျွန်းဖြစ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နီးကပ်စွာတည်ရှိနေတာကြောင့် တဖက်နိုင်ငံမှ လက်နက်ကိုင်တပ်ဖွဲ့တွေ အချိန်မရွေး အလွယ်တကူ သွားလာနေကြတဲ့ ကျွန်းတခုလည်း ဖြစ်ပါတယ်။