ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ထဲမှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးပစ်ခတ်တာနဲ့ မိုင်းထောင်တာတွေကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၂ ယောက်သေဆုံးပြီး ၂ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ကေအန်ယူ−ဗဟိုက ထုတ်ပြန်ပါတယ်။
ကေအန်ယူ−လယ်ဒို(ကျောက်ကြီး)မြို့နယ် အုပ်ချုပ်နယ်မြေအတွင်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် ခလရ−၂၆၄ က နတ်သံကွင်းမှာ အခြေချပြီး ၁၂၀ မမ နဲ့ ၈၁ မမ လက်နက်ကြီး ၂ လုံးကို စက်တင်ဘာ ၂ ရက် နေ့လယ် ၂း၄၄ နာရီလောက်က တရေးစီ လော(နရွဲပင်) ရွာအတွင်း ပစ်ခတ်ခဲ့ရာ အဆိုပါ လက်နက်ကြီးကျည်ထိမှန်ပြီး အသက် ၂၇ နှစ်အရွယ် အစိုင်း(ခေါ်) စိုင်းသူရထွန်းဟာ အပြင်းအထန် ဒဏ်ရာရရှိပြီး ညနေ ၃ နာရီမှာ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သမင်အင်းကုန်းကျေးရွာသား ၂ ယောက်ဖြစ်တဲ့ အသက် ၄၂ နှစ်အရွယ် ဇော်မင်းထွန်းနဲ့ ၃၂ နှစ်အရွယ် အယ်ကော်မူး တို့ဟာ စစ်ဘေးရှောင်နေရာက ရိက္ခာ လိုအပ်တာကြောင့် စက်တင်ဘာ ၃ ရက် မွန်းတည့် ၁၂ နာရီလောက်က သမင်အင်းကုန်း ကျေးရွ်အတွင်း ရိက္ခာပြန်လာယူချိန် စစ်ကောင်စီတပ်တွေ ထောင်ထားခဲ့တဲ့ နင်းမိုင်းတွေကို နင်းမိပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စက်တင်ဘာ ၄ ရက်မနက် ၁၀း၄၄ နာရီလောက်ကလည်း စစ်ကောင်စီတပ် ခလရ−၂၆၄ ဟာ ပိန်းဇလုပ်ကနေ နွားရေချောင်း ကျေးရွာအတွင်း ၈၁ မမ လက်နက်ကြီး ၁၅ လုံး ပစ်ခတ်ခဲ့ရာ အသက် ၄၅ နှစ်အရွယ် စောထွန်းနိုင် လက်နက်ကြီးထိမှန် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီး တိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ် နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ် တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။