Home
မြန်မာသတင်း
ကျွန်းစုမြို့နယ်ရှိ ပျူစောထီး ခဲမိုင်းလုပ်ကွက်ကို ပကဖအဖွဲ့ ဖျက်သိမ်း
DVB
·
September 4, 2023
Island Township (04-09-2023))

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ပဲ့တိုင်းကျေးရွာအုပ်စု၊ ယမုံကျေးရွာမှာ ပျူစောထီးခေါင်းဆောင် ၂ ယောက် ဦးစီးလုပ်ကိုင်နေတဲ့ ခဲမိုင်းလုပ်ကွက်ကို ကျွန်းစု ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ သွားရောက်ဖျက်သိမ်းခဲ့တယ်လို့ ကျွန်းစု ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ သတင်းပြန်ကြားရေး တာဝန်ခံဆီကနေ သိရပါတယ်။

ပြည်သူတွေပိုင်ဆိုင်တဲ့‌ မြေတွေကို မတရားသိမ်းဆည်းပြီး ခဲမိုင်းလုပ်ဆောင်နေတယ်လို့ စုံစမ်းသိရတာကြောင့် စက်တင်ဘာ ၃ ရက် နေ့လယ် ၁ နာရီလောက်မှာ သွားရောက် ဖျက်သိမ်းခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျွန်းစုမြို့နယ် ပကဖ သတင်းပြန်ကြားရေးတာဝန်ခံက “လက်ရှိ ပျူစောထီးဆိုတာလည်း စစ်ကောင်စီရဲ့ ထောက်တိုင်တွေ လက်ပါးစေတွေပဲလေ။ ပြီးတော့ ပြည်သူတွေဆီကနေ မတရားသိမ်းဆည်းထားတာ ဖြစ်တယ်။ လက်ရှိ ခဲမိုင်းတွေမှာ စစ်ကောင်စီဘက်က အကောင်ကြီးကြီးတွေ ရှယ်ယာဝင်ထားတာပါ” လို့ ပြောပါတယ်။

လက်ရှိ ခဲမိုင်းလုပ်ကွက်ကို ပဲ့တိုင်းကျေးရွာက ပျူစောထီးခေါင်းဆောင် ကြည်းလှနဲ့ ဦးစိုးဝင်း ဆိုသူတွေက ဦးစီးလုပ်ဆောင်နေပြီး စစ်ကောင်စီဘက်က ရာထူးကြီးသူတချို့ကလည်း နောက်ကွယ်မှာ ပါဝင်ပတ်သက်မှုရှိတယ်လို့ ပြောပါတယ်။

စစ်အာဏာမသိမ်းခင်တည်းက ယမုံ‌ကျေးရွာအုပ်စုမှာ ခဲမိုင်းလုပ်ကွက်‌တွေ ရှိခဲ့ပြီး‌ အာဏာသိမ်းပြီးနောက်မှာ ပျူစောထီးအဖွဲ့တွေကနေ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ခဲမိုင်းတွေကို သိမ်းဆည်းလာကာ ထပ်တိုးလုပ်ဆောင်လာတာလို့ ပြောပါတယ်။

“အဲဒီ ပျူခဲမိုင်းတွေက ထပ်တိုးခဲမိုင်းတွေပါ။ ပြည်သူတွေလုပ်ကွက်ကို ဘာမှမလုပ်ပါဘူး။ စကစ ထောက်တိုင်လည်းဖြစ်၊ မတရားသိမ်းဆည်းခံရတဲ့ လုပ်ကွက်လည်းဖြစ်လို့ ဖျက်သိမ်းရတာပါ။ အဲဒီပျူတွေရဲ့ ခဲမိုင်းတွေက ထပ်တိုးခဲမိုင်းတွေပါ” လို့ သူက ထပ်ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၂ ရက်ကလည်း ကျွန်းစုမြို့နယ် ကော်ဇယာကျေးရွာအုပ်စုရှိ ကျောက်တလုံးကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းဝယ်သူ ၃ ဦးကို ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တွေကနေ သတင်းရပြီး သွားရောက်ဖမ်းဆီး ထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024