Home
မြန်မာသတင်း
မြိုင်မြို့နယ်တွင် စစ်ကောင်တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ
DVB
·
September 4, 2023
Myaing Tsp

မကွေးတိုင်း၊ မြိုင်မြို့အဝင်က စစ်ကောင်စီတပ် မန်းလေးဂိတ်ကို  စက်တင်ဘာ ၄ ရက် မနက် ၈ နာရီ ၄၅ မိနစ်လောက်က ကားနဲ့ အနီးကပ် ဝင်ရောက်ပစ်ခတ်ခဲ့ရာ တဦးသေဆုံးပြီး တဦး ဒဏ်ရာရရှိသွားတယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

မြိုင် ပကဖမှ ဗိုလ်ကျောက်တိုင်က “ဒီနေ့ မနက်ကပေါ့၊ ၈ နာရီ ၉ နာရီလောက်ကပါ။ ကားနဲ့ သွားရောက်ပစ်ခတ်ခဲ့တာပါ။ ကားကို သဲအိတ်တွေနဲ့ သေချာပြင်ဆင်ပြီး အလစ်ကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်နိုင်ခဲ့တာဗျ။ ဂိတ်ရှေ့မှာရှိနေတဲ့ စခ ၂ ကောင်ထဲမှာ တကောင်ကတော့ သေချာပေါက်သေတယ်၊ နောက်တယောက်လည်း လဲကျသွားတာပဲ၊ မျက်မြင်ပေါ့နော်။ ပစ်ခတ်ချိန်က ခဏပါပဲ။ မကြာပါဘူး။ ကျနော်တို့ဘက်က အထိအခိုက် မရှိပါဘူးဗျ။ ကျနော်တို့ကတော့ ဒီ အာဏာရှင် ကျဆုံးတဲ့အထိ ဆက်လက်တိုက်ပွဲဝင်နေမှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်ချိန် အနည်းငယ်မျှသာ ကြာမြင့်ပြီး ဘန်ကာရှေ့မှာထွက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်မှာ တယောက်သေပြီး တ‌ယောက် ဒဏ်ရာရကြောင်း၊ အဆိုပါ သေဆုံး၊ ဒဏ်ရာရသူတွေကို အိမ်စီးကား​နဲ့ လာရောက် သယ်​ဆောင်သွားကြောင်း သိရပြီး မြိုင် ပကဖဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ဆင်ရေးကို မြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) တပ်ရင်း-၂ တပ်ခွဲ ၃၊ တပ်ခွဲ ၄ နဲ့ Earthquake People`s Defence Force တို့က တိုက်ခိုက်ခဲ့တာလို့ မြိုင် ပကဖထံက သိရပါတယ်။

အလားတူ မြိုင်မြို့နယ်မှာပဲ စက်တင်ဘာ ၃ ရက် ညနေပိုင်းက စစ်ကောင်စီကားတစီး တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ အနောက်လွင်ပြင်-LPDF ကနေ သိရပါတယ်။

မြိုင်မြို့နယ် စက်မှု ၂ က စစ်ကောင်စီတပ်သား အင်အား ၃၀ လောက်ဟာ ကိုင်းတောမရွာနားကနေ စက်မှု ၂ ထဲဲကို ရေပေးပို့နေတဲ့ ရေစက်က စစ်ကောင်စီ တပ်သားတွေနဲ့ တာဝန်ချိန်းပြီး ကားနဲ့ပြန်လာချိန် စက်တင်ဘာ ၃ ရက် ညနေ ၄ နာရီ မိနစ် ၅၀ မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတာလို့ အနောက်လွင်ပြင်-LPDF တာဝန်ခံ ရဲဘော်တေဇက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က သေဆုံး၊ ဒဏ်ရာရသူ ရှိနိုင်ပြီး အတိအကျ သိရှိနိုင်အောင် ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

“အဲဒီတိုက်ခိုက်မှုကို ကျနော်တို့ အနောက်လွင်ပြင်-LPDF၊ MUGDF၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့နဲ့ Cobra ပြောက်ကျားတပ်ဖွဲ့ (မြိုင်) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ကျနော်တို့ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူး။”

မြိုင်မြို့နယ်မှာ သြဂုတ် ၁ ရက်နဲ့ ၂ ရက်နေ့တွေကလည်း စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖကနေ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024