ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ အမှတ် ၄ ရပ်ကွက်မှာ နေထိုင်တဲ့ အန်အယ်လ်ဒီပါတီ ရပ်ကျေးဥက္ကဋ္ဌ ဦးအောင်မြင့်စိုးကို စစ်ကောင်စီလက်အောက်ခံ စစ်တပ်နဲ့ ရဲက ဖမ်းဆီးသွားပြီး နှိပ်စက်သတ်ဖြတ်ခဲ့လို့ ၄ ရက်အကြာမှာ သေဆုံးသွားတယ်လို့ သူနဲ့နီးစပ်တဲ့ မြို့ခံတွေထံက သိရပါတယ်။
ဩဂုတ် ၃၀ ရက် ညနေပိုင်းက အသုတ်မြို့ ရဲစခန်းမှူးနဲ့အဖွဲ့တွေ လက်ဖက်ရည်ဆိုင် ထိုင်နေချိန်မှာ လက်ပစ်ဗုံးနဲ့ ပစ်ခံရပြီးနောက် ညပိုင်းမှာ ဦးအောင်မြင့်စိုး အပါအဝင် မြို့ခံ ၁၀ ယောက်ကျော်ကို ဖမ်းဆီးသွားခဲ့တာပါ။
စက်တင်ဘာ ၃ ရက် ညမှာတော့ ဦးအောင်မြင့်စိုး သေဆုံးသွားပြီလို့ အသုတ်ရဲစခန်းက မိသားစုထံ အကြောင်းကြားလာတာလို့ အသုတ်မြို့ခံတဦးက ပြောပါတယ်။
“ဦးအောင်မြင့်စိုးကို စစ်တပ်နဲ့ ရဲက အိမ်မှာ ဩဂုတ် ၃၀ ညက ဖမ်းဆီးခဲ့ပြီး စက်တင်ဘာ ၃ ရက်နေ့မှ သေဆုံးတာ ကျနော်တို့သိရတာ။ ဖမ်းပြီး မတရားနှိပ်စက် သတ်လိုက်တာ။ စခန်းမှူးအဖွဲ့ ဗုံးပစ်ခံရလို့ မဆိုင်သူတွေ ဖမ်းဆီးတာ။”
ဖမ်းဆီးခံထားရသူတွေနဲ့ ပတ်သက်လို့ မိသားစုဝင်တွေက စိုးရိမ်နေကြပြီး တွေ့ဆုံခွင့်လည်း မရဘူးလို့ ဒေသခံတွေထံက သိရပါတယ်။
အသုတ်ရဲစခန်းမှူးနဲ့အဖွဲ့ကို ပစ်ခဲ့တဲ့ဗုံးကတော့ ပေါက်ကွဲမှု မဖြစ်ခဲ့သလို စစ်တပ်နဲ့ ရဲတွေက ဗုံးပစ်သူကို သေနတ်နဲ့ပစ်ခတ်ပြီး လိုက်လံဖမ်းဆီးခဲ့ပေမဲ့ ဖမ်းဆီးရမိခြင်း မရှိပါဘူး။
အဆိုပါ ဗုံးပစ်တိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ် ဆိုတာလည်း တော်လှန်ရေးအဖွဲ့တွေက ထုတ်ပြန်ထားတာ မရှိသေးပါဘူး။