၂၀၂၄ ယူ-၂၃ အာရှဖလားခြေစစ်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မယ့် မြန်မာယူ-၂၃ ဘောလုံးအသင်းဟာ တောင်ကိုရီးယားနိုင်ငံ ချန်ဝွန်မ်မြို့ကို စက်တင်ဘာ ၄ ရက် ဒီနေ့မနက် အစောပိုင်း ရောက်ရှိခဲ့တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ထုတ်ပြန်ပါတယ်။
မြန်မာအသင်းဟာ ၂၀၂၄ ယူ-၂၃ အာရှဖလားခြေစစ်ပွဲ အုပ်စု ခ မှာ အိမ်ရှင် တောင်ကိုရီးယား၊ ကာဂျစ္စတန်၊ ကာတာအသင်းတွေနဲ့ အတူကျရောက်နေတာပါ။
မြန်မာယူ-၂၃ အသင်းဟာ စက်တင်ဘာ ၆ ရက်မှာ ကာဂျစ္စတန်အသင်း၊ စက်တင်ဘာ ၉ ရက်မှာ ကာတာအသင်းနဲ့ စက်တင်ဘာ ၁၂ ရက်မှာ တောင်ကိုရီးယား အသင်းတို့နဲ့ ယှဥ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
ကာတာယူ-၂၃ အသင်းဟာ ၂၀၂၄ ခုနှစ်မှာ ယှဥ်ပြိုင်မယ့် အာရှဖလား အိမ်ရှင်ဖြစ်တာကြောင့် မြန်မာ၊ တောင်ကိုရီးယား၊ ကာဂျစ္စတန်တို့နဲ့ပွဲတွေမှာ ခြေစမ်းသဘောမျိုးသာ ဝင်ရောက်ကစားမှာဖြစ်ပြီး ရလဒ်တွေကိုလည်း ထည့်သွင်းတွက်ချက်မှာ မဟုတ်ပါဘူး။
ယူ-၂၃ အာရှဖလားခြေစစ်ပွဲကစားမယ့် အုပ်စု ၁၁ ခုက အုပ်စုပထမ ၁၁ သင်းနဲ့ အကောင်းဆုံး အုပ်စုဒုတိယ ၄ သင်းတို့ဟာ ကာတာနိုင်ငံမှာကျင်းပမယ့် ၂၀၂၄ ယူ-၂၃ အာရှဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။
မြန်မာယူ-၂၃ အသင်းဟာ ယူ-၂၃ အာရှဖလားခြေစစ်ပွဲအဆင့်ကို ၂၀၁၃ ခုနှစ်က တကြိမ်သာ ဝင်ယောက်ယှဥ်ပြိုင်ဖူးပြီး ၃ ပွဲကစား ၃ပွဲရှုံးနဲ့ အုပ်စုနောက်ဆုံးနေရာနဲ့ ထွက်ခဲ့ရပါတယ်။
Photo-MFF