ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး စက်တင်ဘာ ၃ ရက် ည ၇ နာရီဝန်းကျင်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး ဒုဗိုလ်မှူးကြီး အပါအဝင် ၅ ဦးသေဆုံး၊ ခရိုင်ရဲတပ်ဖွဲ့မှူးနဲ့ ရဲ ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မနေ့ည ၇ နာရီဝန်းကျင်က အသစ်ပြောင်းလာတဲ့ နယ်လုံဝန်ကြီးရဲ့ လမ်းညွှန်ချက်အရ လုံခြုံရေးကိစွတွေ ဆွေးနွေးဖို့ အမှတ် ၂၇၅ ခြေလျင်တပ်ရင်း၊ ပြည်နယ်လုံခြုံရေးရဲတပ်ဖွဲ့၊ ခရိုင်ထွေအုပ်၊ ခရိုင်ရဲတပ်ဖွဲ့ နဲ့ ရဲလုံခြုံရေးတပ်ခွဲမှ စစ်ကောင်စီတပ်နဲ့ရဲတွေ ရှိနေစဥ် ဒရုန်းနဲ့ Drop ဗုံး ၂ လုံး ပစ်ချခဲ့တာလို့ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"၆ နာရီ ၄၀ မှာ ဒရုန်းနဲ့ ဗုံး ၂ လုံး ချသွားတယ်။ ခရိုင်မှူးတွေ လာတဲ့အချိန်မှာ နောက် ၂ လုံးထပ်ချတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးရယ်၊ ဦးစီးမှူးရယ်၊ အကြီးတန်းစာရေးရယ် နေရာမှာတင် ပွဲချင်းပြီးသေတယ်။ ဒုဗိုလ်မှူးကြီး အောင်ကျော်မင်းရယ်၊ ရဲအုပ်နေလင်းစိုးရယ်က ဆေးရုံရောက်မှာ ထပ်သေတယ်။ ရဲမှူးကြီးအပါအဝင် ရဲ ၁၁ ယောက် ဒဏ်ရာရတယ်။"
ဗုံးပေါက်ကွဲမှုကြောင့် အမှတ် ၂၇၅ ခြေလျင်တပ်ရင်းမှ ယာယီတပ်ရင်း ဒုဗိုလ်မှူးကြီး အောင်ကျော်မင်း၊ ခရိုင်အုပ်ချုပ်ရေးမှုးဦးစိုးတင့်၊ ထွေအုပ်ဦးစီးအရာရှိ ဦးထွန်းထွန်းညိမ်း၊ ရဲအုပ်နေလင်းစိုးနဲ့ အကြီးတန်းစာရေး ဦးပြည့်ဖြိုးအောင်တို့ သေဆုံးခဲ့တယ်လို့ အမည်မဖော်လိုသူ ရဲအရာရှိတဦးက ပြောပါတယ်။
"ဒဏ်ရာရတဲ့ ရဲ ၁၁ ယောက်မှာ ခရိုင်ရဲမှူးရယ်၊ ဒုရဲမှူး ၃ ယောက်ရယ်၊ ဒုရဲအုပ် ၁ ယောက်ရယ်၊ ဒုတပ်ကြပ် ၁ ယောက်ရယ် အဲ့ ၅ယောက်က အခြေအနေမကောင်းဘူး၊ ကျန်တဲ့ ရဲ ၆ ယောက်က ဒဏ်ရာတော့ရတယ် မစိုးရိမ်ရဘူး။"
ဒဏ်ရာရရှိသူတွေကတော့ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး အောင်ထက်ဝင်း၊ ဒုရဲမှူး မျိုးဝင်း၊ ရဲဒုတပ်ကြပ် မျိုးမင်းသော်၊ ပြည်နယ်လုံခြုံရေးရဲတပ်ဖွဲ့မှ ဒုရဲမှူးထွန်းထွန်းနိုင်၊ ဒုရဲအုပ်သက်ခိုင်တို့ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ဒုရဲအုပ် ဝင်းကျော်စိုး၊ ဒုရဲအုပ် လွင်မိုးဦး၊ ဒုတပ်ကြပ်ပြေသိန်း၊ ဒုတပ်ကြပ်ဝေယံဦး၊ ဒုတပ်ကြပ် ကျော်ဖြိုးဝင်း နဲ့ တပ်သားထွန်းလင်းဦးတို့ မစိုးရိမ်ရ ဒဏ်ရာများရရှိခဲ့တယ်လို့ အမည်မဖော်လိုသူရဲအရာရှိက ရှင်းပြပါတယ်။
သေဆုံးသူနဲ့ဒဏ်ရာရရှိသူတွေကို မြဝတီခရိုင်ဆေးရုံပို့ဆောင်ကုသထားပြီး ဆေးရုံနဲ့အနီးတဝိုက်မှာ စစ်ကောင်စီက လုံခြုံရေးချထားတယ်လို့ ဌာနဆိုင်ရာဝန်ထမ်းတွေဆီက သိရပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်က စက်တင်ဘာလ ၁ ရက်က ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်ကို ဖြုတ်ပြီး ဗိုလ်မှူးကြီးမင်းသူကျော်ကို အစားထိုးခန့်အပ်ခဲ့တာပါ။