မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်နဲ့နွားထိုးကြီးမြို့နယ်မှာ ဒီနေ့ မနက်နဲ့နေ့လယ်က ကြံ့ခိုင်ရေးပါတီဝင်နဲ့ ဝန်းရံသူ ၆ ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ငါန်းဇွန်မြို့နယ် သံကုန်းကျေးရွာမှာ ဒီနေ့ နေ့လယ် ၂ နာရီက ကြံ့ခိုင်ရေးပါတီထောက်ခံသူ ဦးမျိုးကို ရဲ့ နေအိမ်မှာ ပါတီဝင်နှစ်ဦးနဲ့ စကားပြောနေစဥ် အမည်မသိသေနတ် ကိုင်ဆောင်ထားသူ သုံးဦး ရောက်လာပြီး ပစ်ခတ်ခဲ့တာလို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ဦးမျိုးကိုက ပွဲချင်းပြီးသေတယ်၊ ကျန်တဲ့နှစ်ယောက်က ဆေးရုံရောက်မှ သေတာ၊ ဆေးရုံမှာသေတဲ့ နှစ်ယောက်ထဲမှာ တယောက်က ကျေးရွာအုပ်ချုပ်ရေးမှုးရဲ့ညီ။ အခုချိန်က ထိလွယ်ရှလွယ်အချိန်ဖြစ်နေတော့ တပ်ကိုထောက်ခံတာတွေ ပြည်ခိုင်ဖြိုးကို အားပေးထောက်ခံတာတွေ မလုပ်စေချင်ဘူး၊ ကိုယ်ဖြစ်ရင် ကိုယ်ခံရမှာ၊ ဘယ်သူမှ လာမကယ်ဘူး" လို့ ပြောပါတယ်။
အလားတူပင် နွားထိုးကြီးမြိုနယ် ထန်းတောမကျေးရွာ တောင်ဘက်ရှိ ဘုန်းကြီးကျောင်းသွားလမ်းမမှာ ဒီနေ့မနက် ခြောက်နာရီခွဲက ကြံ့ခိုင်ရေးပါတီဝင်တွေဖြစ်တဲ့ ဦးအောင်ဘို၊ ဦးနန်းတင်နဲ့ ဦးနန်းအောင်တို့ သုံးဦး သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတဦးက ဒီဗွီဘီ ကိုပြောပါတယ်။
"ရွာကလူတွေပြောစကားအရ မနေ့ညနေက လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းသွားပြီး ပစ်သတ်ထားခဲ့တာလို့ ပြောတာ။ အလောင်းတွေကိုတော့ ဒီနေ့မနက်မှ တွေ့တာ" လို့ ရှင်းပြပါတယ်။
ဒီနေ့ မနက်အစောပိုင်းကလည်း ငါန်းဇွန်မြို့နယ် နဘဲပင်ကျေးရွာမှ ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ တပ်ထောက်ခံသူအချို့ ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။