စစ်အုပ်ချုပ်ရေးကြေညာထားတဲ့တနင်္သာရိမြို့နယ်မှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး လက်နက်ကြီးတွေနဲ့ ပြန်ပစ်ခတ်ခဲ့တာကြောင့် နေအိမ် ၁ လုံး ထိမှန်ပျက်စီး ခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂ ရက် နေ့လယ် ၁၁ နာရီလောက်မှာ တနင်္သာရီမြို့၊ ဗိုလ်ချုပ်ကြေးရုပ်နားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကနေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “ဗိုလ်ချုပ်ကြေးရုပ်မှာ တပ်စွဲထားတဲ့ စစ်သားတွေကို သွားရောက်ပစ်ခတ်ခဲ့တာပါ။ အထိအခိုက် အကျအဆုံးတော့ စုံစမ်းနေဆဲပါ" လို့ ပြောပါတယ်။
အဲဒီလို တိုက်ခိုက်ခံရပြီးနောက် နေ့လယ် ၁၂ နာရီလောက်မှာ စစ်ကောင်စီရဲ့ ၃၀၆ အမြောက်တပ်ကနေ ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ၁၀ ချက်ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်လက်နက်ကျည်တွေဟာ လယ်တောင်ယာကျေးရွာအရှေ့ကို ၃ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီးတော့ ဘန်လောကျေးရွာမှာရှိတဲ့ နေအိမ် ၁ လုံးကိုလည်း ထိမှန် ပျက်စီးခဲ့တယ်လို့သိရပါတယ်။
ဒီမတိုင်ခင် သြဂုတ် ၃၁ ရက်နေ့ကလည်း စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ကြသေးတယ်လို့ သိရပြီး အဲဒီ တိုက်ခိုက်မှုတွေကို မြိတ်ခရိုင်တပ်ရင်း ၂၊ တနင်္သာရီပြောက်ကျားတပ်ဖွဲ့နဲ့ တောင်ပံနီအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်က အခုရက်ပိုင်းတွေမှာ ကျေးရွာတွေ အပေါ်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ဆက်တိုက်လုပ်နေပြီး ဘန်လောရွာ၊ ဘန်းလမွတ်ရွာ၊ ထုံခါရွာ၊ မော်တုန်းအုပ်စုတို့ဘက်ကို မကြာခဏ ကျရောက်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။