အခုရက်ပိုင်း လူမှုကွန်ရက်စာမျက်နှာတွေမှာ ဂစ်တာတီးပြီး တေးသီချင်းတွေ ဝိုင်းဖွဲ့သီဆိုနေတဲ့ ကရင်နီ အမျိုးသမီး စစ်သမီးလေးတွေရဲ့ Live လွှင့် ဖျော်ဖြေတဲ့ ရုပ်သံ လူကြည့်များပြီး အားပေးနေကြတာ တွေ့ရပါတယ်။
ဒီအမျိုးသမီးစစ်သည်တွေဟာ စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်တွင်းဖြစ်ပွားလာတဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ တတတ်တအား ပါဝင်လာကြတဲ့ အမျိုးသမီးတွေဖြစ်ပါတယ်။
သူတို့တယောက်ချင်းစီမှာ ကိုယ်စီ အိပ်မက်တွေ၊ အနုပညာရှင်ဖြစ်ချင်တဲ့ ရည်မှန်းချက်လေးတွေရှိခဲ့ကြပေမဲ့ စစ်အာဏာသိမ်းမှုကြောင့် မိမိလူမျိုးနဲ့ မိမိတို့ရဲ့ ဒေသကို ကူညီချင်စိတ်ပြင်းပြခဲ့လို လက်နက်ကိုင်တော်လှန်ရေးအတွင်းမှာ ယုံယုံကြည်ကြည် ပါဝင်လာကြသူတွေဖြစ်ပါတယ်။
သီချင်းဆိုပြခဲ့တဲ့ ကရင်နီအမျိုးသမီးရဲဘော်တွေထဲက တဦးဖြစ်တဲ့ မော်ရီးရီက “ဒီတော်လှန်ရေးအတွင်းမှာ ကျမတို့ ရဲဘော် ရဲမေတွေက ဒီအနုပညာပိုင်းမှာလည်း အားသာကြ တယ်။ သူတို့မှာလုပ်ချင်တာတောင်မှ လုပ်ခွင့်မရတဲ့အရာတွေ၊ အိပ်မက်တွေ အကောင်အထည်ဖော်လို့မရတဲ့ လူတွေရှိတယ်ပေါ့နော်။ အဲမှာ ကျမတို့က အတူတူဝိုင်းဖွဲ့ပြီးမှ ကျမတို့ရဲ့ အိမ်မက်တွေနဲ့အတူတူ စီးမျောတယ်ဆိုတဲ့ ပုံစံနဲ့ပေါ့နော်။ ပြီးရင် ကျမတို့ Live ထဲမှာ အမြဲတမ်းပြောတယ်။ ကျမတို့ကိုလှူတဲ့ ပြည်သူတွေကို ဘာပြန်ပေးနိုင်မလဲဆိုတဲ့ မေးခွန်းပေါ် ကျမတို့က ဘာမှပြန်မလုပ်ပေးနိုင်ဘူး။ ဒါပေမဲ့ ကျမတို့မှာ တတ်စွမ်းသမျှ ရှိရှိသမျှနဲ့ ပြန်ပေးဖို့ကတော့ အသင့်ပဲပေါ့နော်။ ကျမတို့ ဆိုလိုက်တဲ့ သီချင်းတပုဒ်အားဖြင့် ပြည်သူတွေ ပျော်ရမယ်ဆိုရင်လည်း ကျမတို့ ကျေနပ်ပါတယ်ဆိုတဲ့ သဘောတဲ့ ကျမတို့ Live လွှင့် ဖြစ်တာပေါ့”လို့ ဒီဗွီဘီကို ပြောပါတယ်။
မော်ရီးရီဟာ နိုင်ငံကျော်အမျိုးသမီး ဒရမ်တီးသူဖြစ်လာဖို့ စစ်အာဏာမသိမ်းခင်တာ ကြိုးပမ်းခဲ့သူပါ။ ဒါပေမဲ့ စစ်အာဏာသိမ်းပြီနောက်မှာတော့ သူ့အိမ်မက်တွေပျက်စီးသွားခဲ့ရပြီး ဘဝတူ ကရင်နီတိုင်းရင်းသားတွေကို ကူညီချင်တဲ့စိတ်နဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်ခဲ့တာလို့ ကရင်နီအမျိုးသမီး မော်ရီးရီက ပြောပါတယ်။
“ကျမတွေးမိတာတခုက အရင်က မြန်မာနိုင်ငံမှာ အမျိုးသမီး Drummer တဦးဖြစ်ခဲ့ဖူးချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ရင် ကျမတို့ ဂီတလောကမှာ ကြည့်လိုက်မယ်ဆိုရင် တခြားသော player တွေအမျိုးသမီးတွေရှိတယ်။ ဒါပေမဲ့ ဒရမ်တီးတဲ့နေရမှာအမျိုးသမီးတွေမရှိဘူး။ ဒါကြောင့် ကျမ ဒရမ်ဘာသာရပ်တခုကိုလေ့လာခဲ့တယ်။ ပြီးတော့ ကျမရဲ့ဖြစ်ချင်တဲ့နောက်တခုက သူငယ်ချင်းတွေ နဲ့စုပြီးမှ ကျမက နယ်ကနေတက်လာတဲ့အတွက် နယ်ကနေတက်လာတဲ့လူတွေရဲ မြို့ပေါ်မှာနေရတဲ့ life style လေးတွေချပြချင်တာပေါ့နော်။ ပြီးရင် မဖွံ့ဖြိုးသေးတဲ့ ဒေသတွေသွားပြီးမှ music tours တွေလုပ် ချင်တာ။ အဲဒါတွေ လုပ်ဖို့လည်း ကျမတို့စပြီးအကောင်အထည်စဖော်ခဲ့တယ်။ တခြားတိုင်းရင်းသူ အမျိုးသမီးနဲ့ပေါင်းပြီး တမြို့ပြီးမှ တမြို music tours သွားမယ်။ မဖွံ့ဖြိုးသေးတဲ့ နယ်က ကလေးတွေကို ကျမတို့တတ်တာလေးနဲ့ music နဲ့ပတ်သက်တာလေးက sharing လုပ်မယ်ဆိုတဲ့ အစီစဉ် ကျမတို့ရှိခဲ့ဖူးတာ။ အဲဒါက ကျမတို့ အကြီးမားဆုံးသော အိမ်မက်တခု၊ ဒါပေမဲ့ ကိုဗစ်ကာလနဲ့ နိုင်ငံရေးအခြေအနေကြောင့် ဒီလမ်းကို ဆက်လျှောက်လို့ မရတော့တဲ့အခြေအနေဖြစ်သွားတော့ နယ်ကိုပဲပြန်လာပြီးမှ လက်နက်ကိုင်တဲ့ လမ်းစဉ်ကို ရွေးလိုက်တာပေါ့နော်။”
စစ်အာဏာသိမ်းမှုနောက်မှာ Drummer တယောက်ဖြစ်ဖို့ သူ့ရဲ့အကြီးမားဆုံးအိမ်မက်နဲ့ Music Tours လုပ်ဖို့ အိမ်မက်တွေ ပျက်သွားခဲ့ပေမဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်လာရင်း သူသေသွားခဲ့ရင်ဆိုတဲ့ စိတ်ဝင်လာပြီးနောက်မှာတော့ တိုက်ပွဲတွေ သေနတ်သံတွေကြားမှာပဲ သူ့အိမ်မက်တွေ ဆက်လက် အကောင် အထည်ဖော်လို့ တဖန်ပြန်လည် ကြိုးစားလာခဲ့တယ်လို့လည်း မော်ရီးရီက ပြောပါတယ်။
“အချိန်ကြာလာတော့ ကျမလက်နက်သံတွေကြားနေနေရတဲ့အချိန်မှာ ကျမပြန်သိလာတာတခုက ငါသာ ဒီရက်သေသွားရင်ပေါ့နော်။ အဲဒီမေးခွန်းက ခဏခဏဖြစ်တယ်။ ငါသေသွားရင် ငါတက်ခဲ့တဲ့ ပညာတွေ၊ ငါလုပ်ချင်ခဲ့တဲ့ ဥစ္စာတွေ ငါထားခဲ့လို့လည်းမရဘူး။ ငါအသက်ရှင်တုန်းပဲလုပ်ခွင့်ရှိမှာပေါ့။ အဲဒီအခါကျတော့ ဒီခက်ခဲတဲ့ကြားက ရအောင် ပြန်လုပ်ဦးမယ်ဆိုပြီး ဘယ်လောက်အထိ ကိုယ့်ဘဝ အသက်ဆက်ရှင်ရဦးမလဲဆိုတဲ့မေးခွန်းအပေါ်မှာ အသက်ရှင်နေတဲ့အတွင်းမှာပဲ ကိုယ့်ဝါသနာလေးနဲ့ ဆက်သွားချင်တယ်။ လူထုအတွက်လည်း ထိရောက်တဲ့အလုပ်တွေလုပ်ချင်တယ်။ အဲကြောင့် တပြိုင်နက်သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ ကျမအားတဲ့အချိန်မှာ ဒရမ် လေးတွေ ပြန်တီးဖြစ်တယ်။ နောက်ပြီးမှ နေရာနေရာကို ဒရမ်ပြန်ချပြီး ပြန်တီးဖြစ်တာပေါ့နော်။ အခုနောက်ပိုင်း သီချင်းတွေ ပြန်လုပ်ဖြစ်နေတာရှိတယ်။ အဲတော့ ဒီအာဏာရူးတဲ့လူတစု အတွက်ကြောင့် ကျမအိမ်မက်တွေ ပျက်စီးသွားလားလို့မေးရင် အစက ပျက်စီးခဲ့ဖူးတယ်။ ဒါပေမဲ့ အခုကတော့ ခံယူချက်ပိုပြင်းလာတဲ့အချိန်မှာ ပြန်ပြီးမှ အကောင်အထည်ဖော်နေတာရှိတယ်။ အဲဒါအပြင် အခု ကျမရဲ့ ဘေးနားမှာ အတူရှိနေတဲ့ ရဲဘော်တွေလည်း ပြန်ပြီးမှ ဆွဲခေါ်ပေးတယ်ပေါ့နော်။”
သူလိုပဲ အိမ်မက်တွေ အကောင်အထည်ဖော်ချင်တဲ့ အမျိုးသမီးရဲဘော်လေးတွေအတွက် သူက အားပေးမှုတွေရှိနေသလို အမျိုးသမီးတယောက်အနေနဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ ဆက်ပြီး ပါဝင်လုပ်ဆောင်ဖို့လည်း စိတ်အင်အားထက်သန်နေသူ ဖြစ်ပါတယ်။
ကရင်နီပြည်မှာ နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့နေရာမှာလည်း အမျိုးသမီးရဲဘော်တွေ ဟာ နေရာတိုင်းမှာ တထောင့်တနေရာက ပူးပေါင်းပါဝင်ဆောင်ရွက် နေကြောင်းလည်း မော်ရီးရီက ပြောပါတယ်။
“ကျမတို့အခု လက်ရှိ ဒီတော်လှန်ရေးမှာတော့ ကဏ္ဍပေါင်းစုံမှာ ကျမတို့ ပါဝင်နေကြတာဖြစ်တယ်။ ကျမတို့မှာ ရှေ့တန်းတိုက်ပွဲတွေအထိ အခြေအနေအရ ကျမတို့မှာ လက်နက်မစုံလင်ပေမဲ့ အလှည့်ကျနဲ့သွားရတာရှိတယ်။ ရှေ့တန်းတိုက်ပွဲမှာ သေနတ်ထမ်းပြီး လိုက်သွားရတဲ့အမျိုးသမီး တွေရှိတယ်။ စနိုက်ပါကိုင်တဲ့ အမျိုးသမီးတွေရှိတယ်။ ကင်းထောက်ဖို့ ဒရုန်းအဖွဲ့မှာ အလုပ်လုပ်တဲ့အမျိုးသမီးတွေရှိတယ်။ ဒီရှေ့ပိုင်း တကယ်စွန့်စားရတဲ့အပိုင်းမှာ သူများတွေ သိပ်မမြင်ဘူးပေါ့နော်။ ဒါပေမဲ့ ဒီနေရာတွေမှာ ကျမတို့ ရှိနေကြတယ်။ နောက်တခုက သူများတွေ အများသေားအာဖြင့် မြင်ကြတာက ရုံးပိုင်းသာမန်လောက်ပဲ ထင်ကြတယ်။ ဒီစစ်ရေးစစ်ရာမှာ ရုံးပိုင်းတော်တော်လေးနဲ့ စိန်ခေါ်မှုများတဲ့ အနေအထားဖြစ်တယ်။ ကျမတို့ ငွေကြေး၊ ဘဏ္ဍာတွေ ရှာရတယ်။ ရိက္ခာဖိုး၊ ကျည်ဖိုး၊ တကယ် စိန်ခေါ်မှုကိုင်ထားတဲ့ နေရာမှာ ကျမတို့ အမျိုးသမီးတွေရှိနေတာပေါ့နော်။ ဒီတော်လှန်ရေးဘယ်ကဏ္ဍမဆို အမျိုးသမီးတွေ မပါဝင်တဲ့ ကဏ္ဍမရှိဘူးပေါ့နော်။”
ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးထဲမှာ အမျိုးသမီးပါဝင်မှု ရာခိုင်နှုန်း အများအပြားရှိနေတာကို တွေ့ရပါတယ်။
တော်လှန်ရေး အင်အားစုတွေအထဲက စစ်ကောင်စီတပ်နဲ့ မကြာခဏ တိုက်ပွဲဖြစ်နေတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) မှာလည်း တပ်ရင်းတိုင်းလိုလိုမှာ အမျိုးသမီး ပါဝင်နေပြီး အထူးသဖြင့် တပ်ရင်း ၅ တို့မှာ သီးသန့်အမျိုးသမီးတပ်ခွဲကို လုပ်ပေးထားရှိပါတယ်။ ဒါဟာ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ထဲမှာ ဒါပထမဆုံး အမျိုးသမီးတပ်ရင်း ဖြစ်ပါတယ်။
တော်လှန်ရေးကဏ္ဍတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုအားလုံးရှိပေမယ့် အမျိုးသားတွေနဲ့တန်းတူ အခွင့်အရေးမရတာတွေ၊ မိသားစုက တားမြစ်တာတွေလည်းကြုံတွေ့ ရင်ဆိုင်ရတယ်လို့ မော်ရီရီက ပြောပါတယ်။
“ကျမအနေနဲ့ ပြောရရင်တော့ ပထမဆုံးအခက်အခဲကတော့ မိသားစုနဲ့ပေါ့နော်။ ကျမတို့ ဒီတော်လှန်ရေးကို ဝင်လာပြီး စစ်ယူနီဖောင်းဝတ်လိုက်ပြီဆိုတာနဲ့ မိဘတွေက အရမ်းနဲ့ စိုးရိမ်တယ်။ မသွားပါနဲ့လား။ အမျိုးသမီးဖြစ်လို့ဆိုတဲ့ သူတို့ရဲ့အမြင်မှာက ရှေ့ရိုးဆန်တဲ့အတွက် ယူနီဖောင်းဝတ်လိုက်ပြီဆိုတာနဲ့ အသေခံရမယ်ဆိုတဲ့ ခေါင်းစဉ်ပဲပါလာတော့ များသောအားဖြင့် ရဲမေတွေသည် ပထမတဆင့် ဖြတ်ကျော်ရတာက မိသားစုနဲ့ပေါ့နော်။ ဒုတိယအဆင့်ကတော့ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းရတဲ့အချိန်မှာ စိန်ခေါ်မှုအရမ်းများတယ်။ တခါတလေကျရင် ကျမတို့ ရှေ့တန်းထွက် ချင်တာတောင်မှ မေးခွန်းတွေပြန်လာတာပေါ့နော်။ နင်တို့က အလကား ပေးသေတာနဲ့အတူတူပဲဆိုတဲ့ ထိုးနှက်ချက်တွေလည်း ရှိတယ်ပေါ့နော်။ တခါတလေ ကျမတို့ လုပ်နိုင်တယ်ဆိုတာပြချင်တာတောင်မှ အခွင့်အရေးမရှိတာတွေ၊ ကျမတို့ကို ပြန်ပြီးမှ ထိုးနှက်နေတာတွေ ဖြစ်နေတယ်။”
ဒီတော်လှန်ရေးမှာ ကရင်နီဒေသမှာလိုပဲ တခြားသောတိုင်းရင်းသားဒေသတွေမှာလည်း အမျိုးသမီးတွေ အများအပြား ကဏ္ဍပေါင်းစုံမှာ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်နေကြသလို ရှေ့တန်းတိုက်ပွဲတွေနဲ့ ဆေးကုသမှုတွေပိုင်းတွေမှာ အမျိုးသားရဲဘော်တွေနဲ့အတူ ရင်ဘောင်တန်းပါဝင်နေပြီး တချို့ အမျိုးသမီး ရဲမေတွေ အသက်ပေးသွားခဲ့ရတာတွေလည်း ရှိနေပါတယ်။
ဒီနွေဦးတော်လှန်ရေး အောင်မြင်တဲ့အချိန်ကျမှသာ မော်ရီရီတို့လို နိုင်ငံတဝန်း စစ်အာဏာရှင်ကို တော်လှန်တိုက်ပွဲဝင်နေကြတဲ့ အမျိုးသမီးတွေ ကိုယ်ဝါသနာပါရာ ယုံကြည်ရာ အိပ်မက်တွေကို ဆက်လက်ပြီး လွတ်လွတ်လပ်လပ် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပြီး ဒီလို နေ့ရက်တွေ ရောက်လာဖို့ရက် သိပ်မဝေးတော့ဘူးလို့လည်း ယုံကြည်မျှော်လင့်ရင်း။
နော်နိုရင်း