မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ပြည်သူတွေ စစ်ဘေးရှောင်နေရတဲ့အတွက် နှမ်းစိုက်ခင်းတွေ ဧက ရာနဲ့ချီ ပျက်စီးခဲ့ရတယ်လို့ ရွာခံတွေဆီက သိရပါတယ်။
ဂန့်ဂေါမြို့နယ်၊ မင်းရွာနဲ့ အနီးဝန်းကျင်က လယ်ယာတွေမှာ နှမ်းစိုက်ပျိုးဧက ၂၅၀ နီးပါးစိုက်ပျိုးထားပြီး နှမ်းခုတ်ချိန်မှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလို့ ပြည်သူတွေ ရှောင်ပြေးနေရပြီး နှမ်းတွေ ပျက်စီးခဲ့တာပါ။
မင်းရွာဒေသခံ တစ်ဦးက “ နှမ်းတွေက ခုတ်မယ့်အချိန်မှာ စစ်ကြောင်းဝင်လာလို့ ရှောင်ရတော့ မခုတ်ရဘူး၊ ခုတ်ပြီးတဲ့ သူကျတော့လည်းမထောင်ရ၊ မခါရတော့ ၆၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားတယ်။ ဒီဘက်က သူတွေက နှမ်းကိုပဲ အားကိုးနေရတဲ့အတွက် စားဝတ်နေရေး ပိုခက်ခဲဖို့ပဲရှိတော့တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဩဂုတ်လ ၁၅ ရက်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာဖြစ်ပြီး မင်းရွာနဲ့ အနီးအနားကျေးရွာတွေက ဒေသခံ ရွာသား ၃၀၀၀ လောက် စစ်ဘေးတိမ်းရှောင်နေခဲ့ရတာဖြစ်ပါတယ်။
စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွါးပြီး စစ်ကောင်စီတပ်က လေကြောင်းကနေပါ ဗုံး ၄ လုံးကြဲချခဲ့တာကြောင့် ရွာသားတွေ တောင်ယာအလုပ်တွေကို ပစ်ထားခဲ့ရပြီး ဘေးလွတ်ရာမှာ သွားရောက် ခိုလှုံနေကြရတာလည်းဖြစ်ပါတယ်။
မင်းရွာကျေးရွာဟာ အာဏာသိမ်းပြီးစကာလ ကတည်းက ရွာတွင်းရဲကင်းစခန်းက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ မင်းရွာနဲ့ အနီးဝန်းကျင်ကျေးရွာက ပြည်သူတွေဟာ စစ်ကောင်စီ စခန်းတွေနဲ့ တောတောင်တွေမှာနေထိုင်မှာ နေထိုင်လယ်ယာစိုက်ပျိုး စားဝတ်နေရေး ဖြေရှင်းကြရပါတယ်။