Home
ဆောင်းပါး
ရင်နာစရာ ပြည်မြန်မာ
DVB
·
September 3, 2023
PayGyi_3092023

ပေကြီး

မြန်မာနိုင်ငံဟာ ဒုတိယကမ္ဘာစစ်ကြီး ပြီးကတည်းက ဒီနေ့အချိန်ထိ လူပီသစွာ နေထိုင်ခွင့်မရသေးတဲ့ တိုင်းပြည်ဖြစ်ပါတယ်။ တခြားနိုင်ငံက တိုင်းသူပြည်သားတွေနဲ့ ယှဉ်လိုက်ရင် လူလိုနေထိုင်ခွင့်၊ လူလိုပြောဆိုပိုင်ခွင့်၊ လူပီသစွာ ခံစား စံစားခွင့်တွေ ဆုံးရှုံးနေရဆဲ ဖြစ်တယ်။ ဟိုး ရှင်ဘုရင်တွေလက်ထက်ကနေ ဒီကနေ့ မင်းအောင်လှိုင် လက်ထက်ထိ တိုင်းသူပြည်သားအပေါ် မငဲ့ညှာ မထောက်ထားတဲ့ အကျင့်ယုတ် အကျင့်ပျက် ဗိုလ်ချုပ်ကြီးတွေ၊ ဝန်ကြီးတွေ၊ ကိုယ်ကျိုးကြည့် အမတ်ကြီးတွေက မြန်မာနိုင်ငံကို အနေဆင်းရဲ အစားဆင်းရဲခြင်းဒုက္ခတွေ ပေးနေကြဆဲဖြစ်တယ်။

စစ်တပ်က အာဏာသိမ်းထားပြီး အုပ်ချုပ်နေပါတယ်ဆိုတဲ့ ပြည်ပတခြားနိုင်ငံတွေတောင် သူတို့ပြည်သူကို လူတန်းစေ့နေနိုင်ဖို့ စီးပွားရေးအခွင့်အလမ်းတွေ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွေကို ရှေ့ရှုကြတယ်။ အဝေးကြီးမကြည့်နဲ့၊ အိမ်နီးချင်း ထိုင်းနိုင်ငံကို မျက်မှောက်ပြုကြည့်၊ သူ့နိုင်ငံ မဆင်းရဲဘူး၊ အလုံးစုံ ဖွံ့ဖြိုးနေဆဲဖြစ်တယ်။ လူသုံးကုန်ထုတ်လုပ်နိုင်တယ်၊ အိမ်နီးချင်းနိုင်ငံတွေကို ဖြန့်ချိတယ်။ ယိုးဒယားမိတ်ဆို အရည်အသွေးကောင်းလို့ တရုတ်ထုတ်ထက် ဈေးပိုပေမဲ့ မြန်မာနိုင်ငံသားတွေ ဈေးကြီးပေးပြီး သုံးစွဲကြတယ်။ ကမ္ဘောဒီးယားနိုင်ငံဟာဆိုရင် သားဖြစ်သူကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ နိုင်ငံကို အုပ်ချုပ်ဖို့ လွှဲပေးလိုက်တယ်။ အာဏာရှင်ပေမဲ့ သူ့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်တယ်။ မချစ်ပေမဲ့ တိုင်းပြည်မဆင်းရဲလို့ ပြည်သူတွေ အောင့်ကာနမ်းကြတယ်။

တချိန်က အယုဒ္ဓယကို ဝါးရင်းတုတ်နဲ့ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ မာန်တက်ခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေဟာ အခုဆို အနိမ့်ဆုံးလုပ်ခလစာနဲ့ အနှိမ်ခံ ရွှေ့ပြောင်းအလုပ်သမားလို့ သမုတ်ခံရပြီး သူတို့ရှေ့မှာ ငုတ်တုတ်ထိုင်လို့ သူတို့ပြုသမျှ မျက်နှာငယ်ငယ်နဲ့ အနှိမ်ခံ နိုင်ငံသားတွေ ဖြစ်နေကြရတယ်။ မြန်မာနိုင်ငံ‌သား လူငယ်လူရွယ်တွေ၊ ပညာတတ်တွေရော ပညာမတတ်သူတွေရော အိမ်နီးချင်းနိုင်ငံတွေမှာ အလုပ်ပေးပါ၊ အလုပ်လုပ်ပါရစေ၊ အလုပ်လုပ်ချင်လို့ပါ၊ ဘာပဲလုပ်ရလုပ်ရဆိုသူတွေ နေ့စဉ် မြင်တွေ့ ကြားသိနေရတာ ရင်နာစရာတွေ ဖြစ်ရပါတယ်။

မြန်မာ့သားကောင်းရတနာတွေ ဂျပန်ကို ထွက်တယ်။ ကိုရီးယားကို သွားတယ်။ စင်ကာပူမှာ အလုပ်သွားလုပ်ကြတယ်။ ဒါ ဘာဖြစ်လို့လဲ၊ မြန်မာနိုင်ငံမှာ နေထိုင်လုပ်ကိုင်ရတာ အဆင်မပြေလို့၊ အလုပ်အကိုင်ရှားပါးလို့၊ လုပ်သလောက် ခံစားခွင့်မရကြလို့၊ အဖြေက ရှင်းပါတယ်။ အဲ့ဒီလိုအခြေအနေနဲ့ ရောက်သွားတဲ့ ရွှေမြန်မာတွေမှာ သူတပါးနိုင်ငံမှာ အနှိမ်ခံ မျက်နှာမွဲဘဝနဲ့ အစစအရာရာ နှိမ်ချခံရပြီး ဘဝရပ်တည်ရေး ရုန်းကန်နေကြရတယ်။ ကိုယ့်နိုင်ငံသားတွေ ဒီလိုအဖြစ်မျိုးနဲ့ နေကြရတာကို နိုင်ငံကို မောင်ပိုင်စီးထားသူတွေ ကြည့်ရက်ကြတယ်။

ထိုင်းနိုင်ငံမှာ ၂၀၁၈ ခုနှစ်က ထမ်လောင်ဂူထဲမှာ ဘောလုံးကစားတဲ့ ကလေးငယ် ၁၃ ယောက် ပိတ်မိ‌နေတော့ အာဏာယူထားတဲ့ စစ်တပ်ကပြာပြာသလဲ နိုင်ငံတကာအကူအညီတွေယူ၊ တာဝန်ရှိသူတွေနဲ့ ပြည်သူတွေ မိုးထဲရေထဲ အသက်စွန့်ပြီး ကလေးတွေမသေဆုံးဖို့ အသက်ရှင်ဖို့ ကယ်ထုတ်ခဲ့ကြတယ်။ ကလေးတွေအားလုံး အသက်မသေဘဲ ဂူထဲကနေ လွတ်မြောက်ခဲ့ကြတယ်။ ကျနော်တို့ ရွှေမြန်မာနိုင်ငံမှာတော့ မတရားအာဏာယူထားတဲ့ စစ်ဘီလူး မိစ္ဆာဖက်စစ်ထက် ဆိုးသူတွေကတော့ လေယာဉ်နဲ့ဗုံးကြဲ၊ လက်နက်ကြီးနဲ့ပစ်၊ အ‌မြောက်ကြီးတွေနဲ့ထု၊ ဘာသာရေးအဆောက်အဦတွေကို ဖျက်ဆီး၊ ရွာတွေကိုမီးရှို့၊ ကလေးလူကြီး ယောကျ်ား မိန်းမ ဘုန်းကြီး မယ်သီလ လူထောင်ချီ အကုန်သတ်တယ်။ တိုင်းသူပြည်သားအပေါ် ဒီလောက်ရက်စက်နေတာကို တချို့က ကိုယ်နဲ့မဆိုင်တဲ့အတိုင်း နေသာသလို နေကြတယ်။ မကြာခင် ငတ်ဖို့သာပြင်ထားကြတော့။ အငတ်ဘေးကတော့ စိုက်စိုက်မြိုက်မြိုက် အိမ်ရှေ့ရောက်လာ ပါလိမ့်မယ်။

နူရာဝဲစွဲ လဲရာသူခိုးထောင်း ဆိုသလိုပဲ တိုင်းပြည်က မွဲတေစုတ်ပြတ်နေပါတယ်ဆို စားခွက်‌ပျောက်မှာကြောက်တဲ့ အာဏာရူးတစုက မတရား အာဏာသိမ်းလိုက်တယ်။ ဒီတကြိမ် အရပ်သားအစိုးရကသာ တိုင်းပြည်ကို ဆက်လက်ဦးဆောင်ခဲ့ရင်ဖြင့် အလုပ်အကိုင် အခွင့်အလမ်းတွေ၊ လမ်းပမ်းဆက်သွယ်ရေးတွေ ချောမွေ့ကောင်းမွန်လာတော့မှာပဲဆိုတဲ့ မျှော်လင့်ချက်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပြည်သူတွေရဲ့ အနာဂတ် အပိုင်းပိုင်း ရိုက်ချိုးဖျက်ဆီးခံလိုက်ရပါတော့တယ်။ တိုင်းပြည်ဟာ ရှေ့ရောက်တော့မယ့်အချိန်မှာ အနောက်ကို ပြန်ဆုတ်သွားခဲ့ရတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လိုသူတွေ အဖမ်းခံရတယ်၊ သတ်ဖြတ်ခံရတယ်။ စစ်တပ်အာဏာသိမ်းလိုက်တဲ့အတွက် နိုင်ငံတော်ကြီး အဘက်ဘက်က ပျက်စီးသွားမှာ မလိုလားသူတွေ လက်မခံလိုသူတွေကို အာဏာသိမ်းစစ်တပ်က ရက်ရက်စက်စက် ဖြိုခွင်းတယ်။ တော်လှန်ရာဒေသတွေကို မီးလောင်တိုက်သွင်းပစ်တယ်။

မတရားအာဏာသိမ်းခြင်းရဲ့ အကျိုးဆက်က တိုင်းပြည်မှာ စစ်ဘေးရှောင်တွေ၊ ဒုက္ခသည်တွေ နေ့စဉ် တိုးမြဲတိုးလာခဲ့တယ်။ စစ်အာဏာရူးတွေလက်က လွတ်အောင် အိမ်နီးချင်း တိုင်းပြည်ဘက် ပြေးဝင်ခိုလှုံပြန်တော့ ရာဇဝတ်သားတွေလို ဆက်ဆံခံရတယ်။ တိရစ္ဆာန်တွေလို အနိုင်ကျင့် စော်ကားခံရတယ်။ ပြည်သူတွေမှာ ယနေ့အချိန် ဒုက္ခမျိုးစုံ တွေ့ကြုံ ခံစားနေကြရတယ်။

ပြည်ပရောက်သူတွေလည်း ဒုက္ခမျိုးစုံခံစားနေကြရသလို ပြည်တွင်းက ပြည်သူလူထုမှာလည်း အလုပ်အကိုင်ကမရှိ၊ ကုန်ဈေးနှုန်းက တနေ့တဈေး တက်ပြီးရင်းတက်နဲ့ နေရတာထက် ‌သေသွားတာကမှ ပိုကောင်း၏လို့ ပြောရပါတော့မယ်။ ဆန်တဆုပ်အတွက် လူသတ်ကြတော့မယ်၊ ဆီတမှုတ်အတွက် လုယက်ကြတော့မယ့်အချိန် မကြာခင် ရောက်လာတော့မယ် ထင်ပါရဲ့။ အောက်ခြေလူတန်းစား ခြေလက်လှုပ်မှ ပါးစပ်လှုပ်ရမယ့်သူတွေ ယနေ့ကုန်ဈေးနှုန်းဒဏ် ဆက်လက်တောင့်ခံနိုင်ဖို့ ခက်ခဲလာနိုင်ပါတယ်။

ဆောင်းသီးနှံဖြစ်တဲ့ ခရမ်းချဉ်သီးဈေးဟာ ဒီနေ့ မိုးပေါ်ရောက်နေပါပြီ။ တခြား စားသောက်ကုန်၊ လူသုံးကုန်တွေကတော့ မကြားဝံ့မနာသာပါပဲ။ ပြည်သူတွေ ဝယ်ယူနိုင်တဲ့ အချိန်ထိတော့ ဝယ်ယူသုံးစွဲကြပါလိမ့်မယ်။ မဝယ်နိုင်တော့တဲ့တနေ့ လုယက်ခိုးယူ ကြပါလိမ့်မယ်။ လုယူ ခိုးယူလို့မရရင် ဓားပြတိုက် လူသတ်တာတွေထိ ဖြစ်လာနိုင်ပါတယ်။ တိုင်းပြည်ပျက်နေရာက ပျက်သထက်ပျက်အောင် မင်းအောင်လှိုင်က အရောက်တွန်းပို့နေပါတယ်။ ချမ်းသာတဲ့သူရော ဆင်းရဲသားရော ငတ်ပြတ်မှုဒဏ်ကို အားလုံး ထိတွေ့ခံစားကြရမယ်။ အောက်ခြေလူတန်းစားတွေ ပိုပြီး ငတ်မွတ်ခေါင်းပါးမှုဒဏ် ခံကြရပါလိမ့်မယ်။

ဒါကြောင့်မို့ ဖွံ့ဖြိုးတိုးတက်ပြီး အေးချမ်းသာယာတဲ့ နိုင်ငံတော်ဖြစ်ဖို့ ပြည်သူတွေအပေါ် မတရားသဖြင့် အမိန့်အာဏာနဲ့ လုပ်ပိုင်ခွင့်တွေယူပြီး တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ စစ်မိစ္ဆာ အာဏာရူးတွေကို မြန်မာ့မြေပေါ် နေထိုင်သူမှန်သမျှက ပူးပေါင်းပါဝင်တိုက်ထုတ်ကြရပါမယ်။ ဒါ နောက်ဆုံးတိုက်ပွဲပါ။ သေရင်မြေကြီး ရှင်ရင်ရွှေထီးပါပဲ။ အောင်နိုင်ရေးက လက်တကမ်းအလိုမှာပဲ ရှိတော့တယ်။ နွေဦးတော်လှန်ရေး အဆုံးသတ်တိုက်ပွဲ သမိုင်းသစ် ရေးထိုးရာမှာ နောင်လာနောက်သားတွေကို ကိုယ်ကိုယ်တိုင် ဘယ်အခန်းကဏ္ဍကနေ ပါဝင်တိုက်ခိုက်ခဲ့တယ်ဆိုတာ ဂုဏ်ယူဝံ့ကြွားနိုင်ဖို့ နွေဦးတော်လှန်ရေးမှာ ပါဝင်ပေးကြပါလို့ တိုက်တွန်းရင်း .. အရေးတော်ပုံ မုချအောင်ရမည် ...။

ပေကြီး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024