စနေနေ့မှာ ကစားခဲ့တဲ့ ဆော်ဒီပရိုလိဂ်မှာ အယ်လ်နာဆာအသင်းက အယ်လ်ဟာဇမ်ကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး သူတို့ရဲ့ ဆိုးရွားတဲ့ ရာသီအစကို ချေဖျက်နိုင်ခဲ့ပါတယ်။
အသင်းခေါင်းဆောင် ခရစ္စတီယာနိုရော်နယ်ဒိုက နောက်ခံလူတွေကြားထဲက ဖြတ်ပေးလိုက်တဲ့ ဘောလုံးကို အဗ်ဒူရာမန်ဂါရစ်က ဂိုးအဖြစ် သွင်းယူပြီး ပထမပိုင်းမှာပဲ ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်း ပွဲအစ ၁ မိနစ်မှာ ထောင့်ကန်ဘောကနေတဆင့် အဗ်ဒူလာ အယ်လ်ခါအီဘာရီက မြေမကျဘော ပိတ်ကန်သွင်းယူခဲ့ပြီး အယ်လ်နာဆာအတွက် ဒုတိယဂိုး ရရှိခဲ့တာပါ။
၂ မိနစ်အကြာမှာပဲ အယ်လ်ဟာဇမ်အသင်းအတွက် တလုံးတည်းသော ဂိုးကို မိုဟာမဒ်ဘတ်ဒါမိုစီ က အဝေးကနေ အပြင်းကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ အယ်လ်နာဆာအသင်းကလည်း တတိယဂိုး ပြန်လည် သွင်းယူခဲ့ပြီး ဒီဂိုးဟာ ရော်နယ်ဒိုနဲ့ ဘရိုဇိုဗစ်တို့ရဲ့ အပေးအယူ ကောင်းကောင်းကစားရင်းကနေ အော်တာဗီရိုကို ဂိုးအဖြစ်သွင်း ယူစေ ခဲ့ပါတယ်။
စတုတ္ထဂိုးကိုတော့ အသင်းခေါင်းဆောင် ရော်နယ်ဒိုက ပင်နယ်တီဧရိယာ အစပ်နားကနေ ကန်သွင်းယူခဲ့ပါတယ်။
အယ်လ်နာဆာအတွက် နောက်ဆုံး အပိတ်ဂိုးကို ဆာဒီယိုမာနေးက သွင်းယူခဲ့ပြီး ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
အယ်လ်နာဆာဟာ ငါးပွဲကစားအပြီးမှာ ကိုးမှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့်ခြောက်နေရာမှာ ရပ်တည်နေပါတယ်။
Photo-Reuters