စစ်ကိုင်းတိုင်း၊ ကသာမြို့ကနေ ရွှေကူမြို့၊ ကျောက်ကြီးရွာဘက်ကို စစ်ကူသွားတဲ့ စစ်ကောင်စီ မော်တော်တစီးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့သလို မွန်ပြည်နယ်၊ ရေးမြို့မှာလည်း စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်ခံခဲ့ရပါတယ်။
ရွှေကူမြို့၊ ကျောက်ကြီးရွာဘက် စစ်ကူသွားနေတဲ့ စစ်ကောင်စီတပ်တွေကို ကသာပြည်သူ့ကာကွယ်ရးအဖွဲ့က စက်တင်ဘာ ၁ ရက် နေ့လယ်ပိုင်းမှာ ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးခေါင်းဆောင် တွေဆီက သိရပါတယ်။
လက်နက်ကြီး၊ လက်နက်ငယ်တွေ အပါအဝင် ဒရုန်းယာဉ်နဲ့ပါ ဗုံးသီးချ တိုက်ခိုက်ခဲ့တာလို့လည်း ဒေသခံ ခေါင်းဆောင်တွေက ပြောပါတယ်။
ကသာပကဖ တာဝန်ရှိသူက “သူတို့က ကျနော်တို့ ကသာမြို့ကနေ ဧရာဝတီမြစ်အတိုင်း မော်တော်နဲ့ ရွှေကူမြို့နယ်၊ ကျောက်ကြီးရဲစခန်း တိုက်ပွဲဖြစ်နေတာကို စစ်ကူသွားတာကို ကြားဖြတ်တိုက်ခဲ့တာဗျ။ သူတို့ဘက်ကလည်း ပြန်ပစ်တာတွေရှိတယ်ဗျ။ ကျနော်တို့ဘက်ကတော့ အထိခိုက်မရှိခဲ့ဘူး။ ခွေးတွေဘက်ကတော့ အထိခိုက်အကျဆုံး ရှိနိုင်တယ်။ သေဆုံး၊ ထိခိုက်တဲ့ စာရင်းအတိကျတော့ ကျနော်တို့ မသိရသေးဘူး” လို့ ပြောပါတယ်။
ကျောက်ကြီးရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ KIA အဖွဲ့က ဝင်ရောက် စခန်းသိမ်းတိုက်ပွဲဆင်နွှဲရာမှာ စစ်ကောင်စီဘက်က အကျဆုံးများတာကြောင့် စစ်ကူသွားတာမှာ အခုလို တိုက်ခိုက်ခံရတာလို့ ဒေသခံ တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အိုင်ဘုတ်နယ်မြေဘက်မှာတော့ စက်တင်ဘာ ၂ ရက် ဒီနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးကရွာနေလို့ သေနတ်သံကို သိပ်မကြားရဘဲ ရေးမြစ်ကူးတံတား စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ဘက်က လက်နက်ကြီးနဲ့ပြန်ပစ်တာ ၆ ချက်လောက်ရှိမယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
ရေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတယောက်ကတော့ စကခ ၁၉ နဲ့ ခလရ ၆၁ ထဲကို လက်နက်ကြီးတွေနဲ့ပစ်တာပါ။ ဒီမနက်တော့ တိုက်ပွဲဖြစ်တာမရှိဘူး။ စစ်တပ်ထဲကို လက်နက်ကြီးပစ်ခတ်တယ်။ စစ်တပ်ဘက်က ပြန်ပစ်တာလည်းရှိတယ်” လို့ ပြောပါတယ်။
အခု အိုင်ဘုတ်နယ်မြေဘက်နဲ့ ရေးတံတားကြီး စစ်ဆေးရေးဂိတ်တို့ဟာ ၁ မိုင် ဝန်းကျင် ကွာဝေးပြီး လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လှုပ်ရှားနယ်မြေတွေဖြစ်သလို မကြာခဏ ထိတွေ့တိုက်ပွဲတွေကြောင့် ဒေသခံအများစုဟာ ခြံလုပ်ငန်းလုပ်ကိုင်ဖို့ လုံခြုံမှုမရှိကြဘူးလို့ ပြောပါတယ်