ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ စက်တင်ဘာ ၁ ရက် ညနေပိုင်းက နေအိမ်ဆောက်ဖို့တူးထားတဲ့ ရေပြည့်နေတဲ့ ကျင်းထဲကို ကလေးငယ် ၂ ယောက် ဆော့ကစားရင်း ပြုတ်ကျသေဆုံးသွားတယ်လို့ သိရပါတယ်။
တပ်ကုန်းစံပြရပ်ကွက်မှာ နေအိမ်ဆောက်လုပ်ဖို့ တူးထားပြီး မိုးရာသီကာလ ရေပြည့်နေတဲ့ ကျင်းနားမှာ ယောက်ကျားလေးတယောက်နဲ့ မိန်းကလေး တယောက် ဆော့ကစားရင်း ပြုတ်ကျရာက ရေနစ်သေဆုံးခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။
အနီးပတ်ဝန်းကျင် နေထိုင်သူတယာက်က "ကလေးတွေက အိမ်ဆောက်ဖို့ ဖောင်ဒေးရှင်း တူးထားတဲ့ တွင်းနားဆော့နေတာ။ မိုးတွင်းဆိုတော့တွင်းထဲ ရေပြည့်နေတယ်။ ကလေးတွေ ညနေ ၄ နာရီလောက်က ဆော့ရင်းနဲ့ တွင်းထဲပြုတ်ကျပြီး ဆုံးသွားတယ်။ ယောက်ကျားလေး တယောက်နဲ့ မိန်းကလေးတယောက် ဆုံးသွားတာ" လို့ ပြောပါတယ်။
အသက် ၉ နှစ်အရွယ်ခန့် မောင်မုန်အောင်နော်နဲ့ အသက် ၁၀ နှစ်အရွယ်ခန့် မလုလုအောင်တို့သေဆုံးခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ မေ ၈ ရက်နေ့ကလည်း မြစ်ကြီးနားမြို့၊ လမြန်ကျေးရွာမှာ သုံးလက်စရေတွင်းကို ပြန်လည်တူးဖော်ရင်း သားဖြစ်သူ ရေတွင်းထဲ ပြုတ်ကျတာကို ဖခင်ဖြစ်သူဆင်းဆယ်ရာကနေ အောက်ဆီဂျင်ပြတ်ပြီး သားအဖ ၂ ယောက်လုံး သေဆုံးခဲ့ပါသေးတယ်။