Home
မြန်မာသတင်း
ပြည်တွင်းသကြားစျေးနှုန်း စံချိန်တင်မြင့်တက်
DVB
·
September 2, 2023
374585096_228033163541412_8833968272610374451_n

ကမ္ဘာ့သကြားစျေးနှုန်း မြင့်တက်လာတာ၊ ပြည်တွင်းသကြားလက်ကျန်နည်းပါးတာနဲ့ ပြည်ပသကြား အဝင်နည်းပါးတာကြောင့် သကြားစျေးနှုန်းအမြင့်ဆုံးကို ရောက်နေတယ်လို့ သကြားလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

ပြည်တွင်းသကြားစျေးနှုန်းဟာ လက်ကားစျေး တပိဿာကို ကျပ် ၃၉၀၀ အထိ သမိုင်းတလျှောက် စံချိန်တင်မြင့်တက်လာပြီး ၂၀၂၁ ခုနှစ်စစ်အာဏာမသိမ်းခင်ကတော့ လက်ကားစျေး သကြားတပိဿာကို ကျပ် ၉၀၀ ပဲ ရှိခဲ့ပါတယ်။

မန္တလေးရှိသကြားပွဲရုံပိုင်ရှင်တယောက်က "လက်ရှိ ကမ္ဘာ့သ​ကြား စျေးကွက် မြင့်တက်နေသလို ပြည်တွင်းမှာလည်း သကြားလက်ကျန် အရမ်းနည်းနေလို့ပါ။ မနှစ်ကလည်း ကြံစိုက်တာနည်းတော့ သကြားအထွက်လည်း ​နည်းတာပေါ့။ အခု သကြားလက်ကျန်အခြေအနေတော့ သေချာမသိသေးဘူး။ သကြားနဲ့ ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းက ဇူလိုင်လက သကြားတန်ချိန် ၁ သိန်းပဲ ကျန်တော့တယ်လို့တော့ ထုတ်ပြန်ထားတော့ ခုလက်ရှိကတော့ အဲထက်နည်းနေ နိုင်တာပေါ့။ ကျနော် သကြားလုပ်ခဲ့တဲ့ သက်တမ်းတလျှောက်တော့ ဒီသကြားစျေးက အမြင့်ဆုံးစျေးပါ" လို့ ပြောပါတယ်။

ပြည်တွင်းသကြားစက်ရုံတွေအနေနဲ့လည်း ​ဒီဇင်ဘာမှာ ရောက်ရှိမယ့် ကြံကြိတ်ရာသီအတွက် ကြံစျေး ၁ တန်ကို ၉ သောင်းသတ်မှတ်ထားရာကနေ ၁၀၀,၀၀၀ ကနေ ၁၁၀,၀၀၀ အထိ တိုးဖွင့်နေပါတယ်။

သကြားစျေး စံချိန်တင် မြင့်​တက်နေပေမယ့်လည်း သကြားအဝယ်ဟာ မရှိသလောက် နည်းပါးနေတယ်လို့ မော်​လမြိုင်​ကုန်ခြောက်ရောင်းဝယ်သူတယောက်က ပြောပါတယ်။

"သကြားစျေးဟာ အရင်က မကြားဖူးတဲ့ စျေးတွေရောက်နေတာ။ အခု ရောင်းနေတဲ့​စျေးကတော့ သကြားတပိဿာကို ကျပ် ၄၅၀၀ နဲ့ ရောင်းနေရတော့ အဝယ်မရှိသလောက်နည်းတယ်။ အဓိက ကတော့ အမတို့က ရပ်ကွက်ဆိုင်လေးတွေရဲ့ အဝယ်ကို အဓိကအားကိုးနေရတော့ သူတို့က ၅၀၀၀ စျေးပြန်ရောင်းရတော့ အဝယ်မရှိတော့ဘူး။ သကြားကလည်း မရှိမဖြစ်သုံးတဲ့ ကုန် မဟုတ်တာလည်းပါတယ်” လို့ ပြောပါတယ်။

ဆိုင်လေးတွေမရောင်းရတာကြောင့် သူတို့ကုန်ခြောက်ဆိုင်မျိုးတွေလည်း အရောင်းထိုင်းသွားပြီး အရင်ကထက် ထက်ဝက်ကျော်လောက် အရောင်းကျသွားတယ်လို့ သူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံမှာ သကြားကုန်​ကြမ်းဖြစ်တဲ့ ကြံကို စစ်ကိုင်း၊ မန္တလေး၊ တောင်ကြီး၊ ဗန်းမော်၊ ကသာ၊ ထီးချိုင့် စတဲ့ မြန်မာပြည် အထက်ပိုင်းဒေသများမှာ အဓိကစိုက်ပျိုးပါတယ်။

မြန်မာပြည်တွင်းမှာ တနှစ်ကို သကြားတန်ချိန်ချိန် ၄ သိန်းကျော်ထွက်ရှိတယ်လို့ သကြားနဲ့ကြံထွက်လုပ်ငန်ရှင်များအသင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာပြည်ထွက်သကြားကို ပြည်တွင်းစားသုံးတာက ထက်ဝက်လောက်ရှိပြီး ကျန်တဲ့ ထက်ဝက်ကိုတော့ ပြည်ပကိုတင်ပို့ရာမှာ ဗီယက်နမ်နိုင်ငံကို အဓိက တင်ပို့နေတယ်လို့ သကြားကုန်သည်တွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024