ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ သစ်ချဆိပ်ကျေးရွာနားမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ၂ ရက်ဆက် တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ် ၃၁ ရက် မနက် ၆ နာရီဝန်းကျင်ကစလို့ နေ့လယ်အထိ လေယာဉ်နဲ့ တိုက်ခိုက်ခဲ့သလို စက်တင်ဘာ ၁ ရက် မနေ့ကလည်း နေ့လယ်ပိုင်းကစပြီး လေကြောင်းကနေ သူဌေးကုန်း၊ ငလောက်တက်နဲ့ သစ်ချဆိပ်ကို လေယာဉ်နဲ့ အကြိမ်ရေအများကြီး ဗုံးလာကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂ ရက်ဆက်တိုက် လေကြောင်းကနေပစ်ခတ်ဗုံးကြဲတာကြောင့် သစ်ချဆိပ်၊ ဖိုးသောစု၊ မျက်ရဲ(ကရင်)၊ မျက်ရဲ(ဗမာ)၊ တိုင်ပင်၊ ကျွန်းကုန်း၊ ဥသျှစ်ခင်၊ ငလောက်တက် ကျေးရွာ ၈ ရွာက ဒေသခံ ၅ ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်
KNLA PDF တာဝန်ရှိသူတယောက်က "KNU ကော်သူးလေ အုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် တပ်မဟာ(၃)မှာ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာကြောင့် ရွှေဂူ ကျောက်ကြီး စစ်ကောင်စီ တပ်စခန်းကို KNLA တပ်မဟာ(၃)မှ ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဆီက လက်နက်ခဲယမ်းတွေနဲ့ တခြားပစ္စည်းတချို့ကို KNLA တပ်မဟာ(၃) တပ်ဖွဲ့က သိမ်းဆည်းရမိခဲ့သလို စစ်ကောင်စီဘက်က အထိနာတာများတယ်လို့လည်း ဆိုပါတယ်။