ပြည်တွင်းအခွန်များဦးစီးဌာ၊ အောင်ဘာလေသိန်းဆုဌာနခွဲက အခုနှစ် ဇွန်လက စထုတ်ခဲ့တဲ့ အွန်လိုင်းထီဟာ ရောင်းအားကျလာတာကြောင့် စက်တင်ဘာလက စပြီး ထီအက္ခရာ လျှော့ထုတ် သွားမယ်လို့ ထီကိုယ်စားလှယ်တွေဆီက သိရပါတယ်။
ဇွန်လကစပြီး ပုံနှိပ်ထီအတွက် အက္ခရာခြောက်လုံး၊ အွန်လိုင်းထီအတွက် အက္ခရာခြောက်လုံး ရောင်းရိုက်နှိပ် ရောင်းချခဲ့တာဖြစ်ပြီး ရောင်းရငွေဟာ အက္ခရာ ငါးလုံးစာလောက်သာ ရှိခဲ့တဲ့အပြင် အွန်လိုင်းထီကို ထိုးသူ မရှိသလောက်ဖြစ်နေတာပါ။
နှစ်မျိုးပေါင်း အက္ခရာ ၁၂ မျိုး ထုတ်ဝေရာက အွန်လိုင်းထီအတွက် အက္ခရာ ၂ လုံးလျှော့ထုတ်မှာ ဖြစ်လို့ အက္ခရာ ၁၀ လုံးပဲ ထွက်တော့မယ်လို့ ထီကိုယ်စားလှယ် တဦးက ပြောပါတယ်။
"အွန်လိုင်းထီက အလုပ်ကို မဖြစ်တာ။ အဲဒါကြောင့်လည်း စောင်ရေလျှော့ရောင်းဖို့ ထီရုံးက စီစဥ်တာ"
ဒါ့အပြင် စက်တင်ဘာလ ထီဖွင့်ပွဲမှာလည်း အခုလို အွန်လိုင်းထီနဲ့ ပုံနှိပ်ထီရောပြီး မဖွင့်တော့ဘဲ အချိန်ခွဲ ဖွင့်လှစ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
ပန်းဘဲတန်းမြို့နယ်မှထီကိုယ်စားလှယ်တဦးက "မနက် ၈ နာရီမှာ ပုံနှိပ်ထီ ဖွင့်မယ်။ ၁၀ နာရီမှာ အွန်လိုင်းထီဖွင့်မယ်လို့ သိရတယ်။ ဆုကတော့ အရင်အတိုင်းပဲ။ အွန်လိုင်းထီက စောင်ရေနည်းတော့ ဆုကြီးပါမယ့် အခွင့်အရေးနည်းတာပေါ့"လို့ ဆိုပါတယ်။
လက်ရှိမှာလည်း ပုံနှိပ်ထီနဲ့အွန်လိုင်းထီမှာ ပုံနှိပ်ထီက ပိုရောင်းရပြီး ဝယ်ယူသူအများစုက လူကြီးပိုင်းတွေ ဖြစ်တယ်လို့ ထီအရောင်းဆိုင်တွေက ဆိုပါတယ်။
ထီအက္ခရာလျှော့ထုတ်ရောင်းချမယ့် အစီစဥ်နဲ့ပတ်သက်လို့ အောင်ဘာလေသိန်းဆုဌာနက အသိပေးကြေညာထားတာ မရှိသေးပါဘူး။
သြဂုတ်လအတွင်း အွန်လိုင်းထီနဲ့ ပုံနှိပ်ထီရောင်းရငွေက ကျပ်သန်း ၅၂၀၀ ကျော်ရှိပြီး ဇူလိုင်လက ထက်ကျပ် ၁၅ သန်းကျော် ကျဆင်းခဲ့တယ်လို့ အောင်ဘာလေသိန်းဆု ဌာနခွဲရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာ အာဏာဖီဆန်ရေးလူပ်ရှားမှုနဲ့အတူ အောင်ဘာလေထီကို သပိတ် မှောက်ခဲ့တာကြောင့် ထီရောင်းအား တရှိန်ထိုး ကျဆင်းခဲ့သလို နောက်ဆုံးပေးခဲ့တဲ့ ကျပ်သိန်း တသောင်းတန် ထီဆုကိုပါ မပေးနိုင်တော့ပါဘူး။