စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံထားရတဲ့ အင်းလေးက မိသားစု ၄ ယောက်မှာ သားသမီး ၂ ယောက်ပြန်လွတ်လာပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၈ ရက်၊ ညပိုင်းအချိန်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ သပြေပင်သစ် အမှတ် ၃ ကျေးရွာမှာနေထိုင်တဲ့ ကိုအောင်မျိုးဝင်းနဲ့ ဇနီးဖြစ်သူ မမြအေးအပါအဝင် အသက် ၁၈ နှစ်အရွယ် သမီး၊ ၁၅ နှစ်အရွယ် သား ဖြစ်သူတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးသွားပြီး ညောင်ရွှေရဲစခန်းမှာ ထိန်းသိမ်းထားခဲ့တာပါ။
ဖမ်းဆီးခံထားရသူတွေထဲက သားနဲ့သမီးဟာ စက်တင်ဘာ ၁ ရက် မနေ့က ပြန်လွတ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Justice Movement for Community - Innlay အဖွဲ့ရဲ့ ဒါရိုက်တာ မယုလှိုင်သင်းက "ဝမ်းသာစရာ သတင်းကတော့ ကလေး ၂ ယောက် ပြန်လွတ်လာတာပါ။ ဒါပေမယ့် လက်ရှိက မိဘနှစ်ပါးကိုက လူလည်းမတွေ့ရ၊ သတင်းအစအနလည်း မသိရ ဖြစ်နေတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။
သတင်းအစအန ပျောက်ဆုံးနေတဲ့ လင်မယား နှစ်ယောက်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်မိပြီး အင်းလေးဒေသမှာ ရွာခံပျူစောထီးတွေကြောင့် ရွာသူရွာသားတွေ ပိုမို အဖမ်းဆီးခံနေရသလို အဲဒီ မိသားစု အဖမ်းအဆီးမခံရခင် ရက်ကလည်း ပျူစောထီးလို့ ယူဆရတဲ့ လူက အိမ်ကိုလာရောက်စုံစမ်းတာတွေ လုပ်ခဲ့သေးတယ်လို့ သိရပါတယ်။