လူမှုကွန်ရက်ကနေ တရားမဝင် ဒေါ်လာရောင်းချသူတွေကို အသွင်ယူ ဖမ်းဆီးအရေးယူနေတယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က သတင်းထုတ်ပြန်ထားပါတယ်။
ဗဟိုဘဏ်တရားဝင်ပေါက်ဈေးထက်ကျော်လွန်တဲ့ ဈေးနှုန်းအမျိုးမျိုး သတ်မှတ်ပြီး လူမှုကွန်ရက်မှာ တရားမဝင် ငွေကြေးလဲလှယ် ရောင်းဝယ်မှုတွေကို တရားဥပဒေ စိုးမိုးရေးအဖွဲ့တွေက အသွင်ယူ ဖော်ထုတ်စစ်ဆေးမှုတွေ ပြုလုပ်နေပြီး နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေနဲ့ အရေးယူနေတယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၈ ရက်မှာ Facebook Page ကနေတဆင့် အမေရိကန်ဒေါ်လာ ရောင်းချသူတစ်ဦးကို သက်သေခံပစ္စည်းနဲ့အတူ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းလည်း ဗဟိုဘဏ်က အသိပေးထားပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်က တဒေါ်လာ ရည်ညွှန်းပေါက်စျေးကို ၂,၁၀၀ ကျပ်၊ ဗဟိုဘဏ် အွန်လိုင်း အရောင်းအဝယ်စနစ်ရဲ့တဒေါ်လာ ငွေလဲနှုန်းကို ၂,၉၀၀ ကျပ် ဝန်းကျင်သတ်မှတ်ထားပြီး အပြင်ပေါက် စျေးကတော့ ၃,၇၀၀ ကျပ် ဝန်းကျင်မှာအရောင်းအဝယ် ဖြစ်နေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီ ဗဟိုဘဏ်က ပြည်ပကနေ မြန်မာနိုင်ငံကို နိုင်ငံခြားငွေနဲ့ ပြန်လာသူတွေကို ပါလာတဲ့ နိုင်ငံခြားတွေကို Declaration ပြုလုပ်ကြဖို့ တရားဝင်လိုင်စင်ခွင့်ပြုထားတဲ့ AD ဘဏ်တွေ ၊ လိုင်စင်ရ ငွေလဲလုပ်ငန်းတွေမှာသာ ရောင်းချဖို့ တိုက်တွန်းထားပါတယ်။
လက်ရှိ ပြည်တွင်းမှာ ဒေါ်လာငွေ ကိုင်ဆောင်ရောင်းဝယ်ခွင့်အပေါ် စစ်ကောင်စီက တင်းတင်းကျပ်ကျပ် ကိုင်တွယ် ထိန်းချုပ်နေတာကြောင့် ပြင်ပစျေးကွက်မှာ ဒေါ်လာ အရောင်းအဝယ်တွေ ရပ်တန့်သလောက်ဖြစ်နေပြီး နီးစပ်ရာ ရောင်းဝယ်လဲလှယ်မှုတွေသာ ရှိနေတယ်လို့ စျေးကွက်အတွင်း စုံစမ်းသိရှိရပါတယ်။
ဒေါ်လာရောင်းချလိုသူ တစ်ဦးက “ကိုယ်နဲ့ နီးစပ်ရာ ယုံကြည်ရတဲ့သူတွေပဲ အရောင်းအဝယ်ဖြစ်နေတဲ့သဘော။ ငွေလဲကောင်တာ တော်တော်များများကလည်း ပိတ်ထားတော့ သင်တန်းကြေးသွင်းဖို့ ဒေါ်လာလိုတဲ့သူတွေကလည်း နီးစပ်ရာကပဲ လိုက်ဝယ်ကြတယ်။ ဒေါ်လာပြန်ရောင်းချင်တဲ့သူတွေကျတော့လည်း ကောင်တာတွေ ပိတ်ထားတာများတော့ ဖွင့်တဲ့ ကောင်တာ လိုက်ရှာပြီး ရောင်းနေရတာ အဆင်မပြေဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်က နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ နိုင်ငံတော်မှာ နိုင်ငံခြား သုံးငွေရောင်းဝယ်မှုလုပ်ငန်းတွေကို နိုင်ငံခြားသုံးငွေတွေ ရောင်းဝယ်ဖောက်ကားတဲ့ လုပ်ငန်းလိုင် စင်ရရှိသူများကသာ ဆောင်ရွက်ခွင့်ရှိပြီး နိုင်ငံခြားသုံးငွေ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် လိုင်စင်ရရှိသူတွေက နိုင်ငံခြားငွေငွေသားနဲ့ ခရီးသွားချက်လက်မှတ်တွေကိုသာ ရောင်းဝယ်ခွင့်ရှိ ကြောင်း ထပ်မံ သတိပေးချက် ထုတ်ထားပါတယ်။
ဒါ့အပြင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းအရ ပြည်တွင်းနေထိုင်သူတဦးဟာ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ အထိ၊ သို့မဟုတ် ယင်းနဲ့ ညီမျှတဲ့ နိုင်ငံခြားငွေတွေကို ၆ လအထိ ကိုင်ဆောင်ခွင့်ရှိပြီး ကာလကျော်တဲ့အထိ အသုံးမပြုပါက ဈေးကွက်ပေါက်ဈေးအတိုင်းရောင်းချတာ ဒါမှမဟုတ် ဘဏ်စာရင်းထဲ ထည့်သွင်းရမယ်လို့လည်း သတိပေးချက် ထုတ်ပြန်ထားပါသေးတယ်။