အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့ရဲ့ ဈေးဝယ်စင်တာအနီးမှာ သြဂုတ် ၃၁ ရက်က ပစ်ခတ်မှုတခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ပါတယ်။
ဒီဖြစ်ရပ်အတွင်း နောက်ထပ် ၃ ဦး ဒဏ်ရာရရှိခဲ့သလို အဲ့ဒီထဲက ၁ ဦးကလည်း အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ဖြစ်ပါတယ်။
အခင်းဖြစ်ပွားရာ The Arboretum ဈေးဝယ်စင်တာအနီးမှာ ရဲတပ်ဖွဲ့ ရောက်ရှိလာတာကို ဆိုရှယ်မီဒီယာပေါ်က ဗီဒီယိုမှတ်တမ်းအရ သိရပါတယ်။
ဒေသစံတော်ချိန် ညနေ ၅ နာရီ ၂ မိနစ်မှာ ဒီပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း အော်စတင်-ထရားဗစ် ကောင်တီရဲ့ အရေးပေါ် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုဌာနအရ သိရပါတယ်။
အရင်က တွစ်တာလို့ သိထားကြတဲ့ X လူမှုကွန်ရက်မှာ သံသယရှိသူတွေကို မဖမ်းမိသေးဘူး ဆိုပြီး အော်စတင်ရဲဌာနက ပို့စ်တင်ထားပါတယ်။
ဒါ့အပြင် အများပြည်သူအပေါ် ခြိမ်းခြောက်မှု မရှိခဲ့ဘူးလို့လည်း ရဲတပ်ဖွဲ့အနေနဲ့ အခိုင်အမာ ပြောဆိုထားပါတယ်။
Source/Photo-Reuters