Home
မြန်မာသတင်း
ဘုရားဖူးများမလာမှာစိုးသဖြင့် မာရဝိဇယဘုရား ဝင်ကြေးမကောက်တော့ဟု စစ်ခေါင်းဆောင်ပြော
DVB
·
September 1, 2023
371506606_10159635584817913_6759509531254405036_n

မာရဝိဇယဘုရားကို လာဖူးသူတွေဆီက ဝင်ကြေး မကောက်တော့ဘူးလို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဩဂုတ် ၃၁ ရက် ညပိုင်းမှာ ဘုရားကို ရောက်လာပြီး ပြောဆိုခဲ့တယ်လို့ ဘုရားဖူးတွေထံက သိရပါတယ်။

အခမဲ့ဖူးမြော်ခွင့်ကာလ ပြီးဆုံးသွားတဲ့အခါမှာ ဝင်ကြေးပေးဖူးရချိန် ဘုရားဖူးလာသူ မရှိမှာ စိုးတာကြောင့်  ဝင်ကြေး မကောက်ခံတော့ဘူးလို့ ဘုရားဖူးတွေကို စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာလို့ ဆိုပါတယ်။

မာရဝိဇယဘုရားကို သြဂုတ် ၈ ရက်မှ စက်တင်ဘာ  ၃ ရက်အထိ အခမဲ့ဖူးမြော်ခွင့်ပေးထားပြီး စက်တင်ဘာ ၄ ရက်က စလို့ ငွေကြေးကောက်ခံမှာ ဖြစ်ပါတယ်။

အရင်က ဝင်ကြေးအဖြစ် လူကြီး တဦးကို ကျပ် ၁,၀၀၀ ၊ ကလေး တဦးကို (ရင်ခွင်ပိုက်မပါ) ကျပ် ၁,၀၀၀ ကောက်ခံမယ့်အစီအစဥ်ကို ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ အပျော်ရိုက်ကင်မရာအတွက် ကျပ် ၅,၀၀၀ ၊ အလှရိုက်ဓာတ်ပုံ/Video (Pre-Wedding) အပါ ကျပ် ၅၀,၀၀၀ (နာရီဝက်ပိုတိုင်း ကျပ်  ၅,၀၀၀ )၊ ယာဉ်ဝင်ခွင့် တစီးလျှင် (ကား Parking အထိ) ကျပ် ၂၀,၀၀၀ နဲ့ Buggy တစီးလျှင် (လေးယောက်စီး) တနာရီ ကျပ် ၁၀,၀၀၀ ကို ဆက်လက်ကောက်ခံသွားမှာဖြစ်ပါတယ်။

အခုလိုကောက်ခံရတာဟာ ဘုရားမှာခန့်ထားတဲ့ ဝန်ထမ်း ၆၀၀ အတွက်နဲ့ သန့်ရှင်းရေး၊ ရေ၊ မီး၊ ဝန်ထမ်း စရိတ်သိန်း ကျပ်  ၁၅၀၀ နီးပါးကုန်ကျမှာဖြစ်လို့ ကောက်ခံရတာလို့ ဩဂုတ် ၂၂ ရက် သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်က ၂၀၁၈ ခုနှစ်က မန္တလေးတိုင်း၊ မတ္တရာမြို့နယ် စကျင်ကျေးရွာမှာ တွေ့ရှိခဲ့တဲ့ ၆၅ ပေရှိတဲ့ စကျင်ကျောက်ကို ဘုရားအဖြစ် ထုလုပ်ပြီး မာရဝိဇယ ဘွဲ့တော်ပေးခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံအတွင်းမှာ ပြည်သူတွေ စားဝတ်နေရေးခက်ခဲပြီး ကုန်စျေးနှုန်းကြီးမြင့်တာ၊ အလုပ်အကိုင်အခွင့် အလမ်းရှားပါးတာနဲ့ ခိုးဆိုးလုယက်မှုတွေ ကြုံနေရချိန် ငွေကျပ်ဘီလီယံချီ အကုန်အကျခံကာ မာရဝိဇယဘုရား တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024