မော်ရင်ဟို ကိုင်တွယ်နေတဲ့ အီတလီစီးရီးအေကလပ် ရိုးမားအသင်းဟာ ချဲလ်ဆီးတိုက်စစ်မှူး လူကာကူကို ခေါ်ယူနိုင်ခဲ့တယ်လို့ သြဂုတ် ၃၁ ရက်မှာ တရားဝင်ကြေညာခဲ့ပါတယ်။
တိုက်စစ်မှူး လူကာကူဟာ ရိုးမားအသင်းကို အပြီးသတ်ဝယ်ယူခွင့်မပါရှိတဲ့ တနှစ် အငှားစာချုပ်နဲ့သာ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ကျောနံပါတ် ၉၀ ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။
ရိုးမားတိုက်စစ်မှူးသစ် လူကာကူက “ရိုးမားအသင်းပိုင်ရှင်တွေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက စကားပြောဆိုခဲ့ပြီး သူတို့ရည်မှန်းချက်ကို ကျနော် အံ့အားသင့်ခဲ့ရပါတယ်။ ရိုးမားမှာ ကျနော် အကောင်းဆုံး ကြိုးစားသွားမှာဖြစ်ပြီး အသင်းတိုးတက်အောင်လည်း ကူညီသွားမှာ ဖြစ်ပါတယ်။ ရိုးမားပရိသတ်တွေရှေ့မှာ အသင်းဖော်တွေနဲ့ တူတူတွဲကစားရဖို့ မစောင့်နိုင်တော့ဘူး” လို့ ပြောပါတယ်။
လူကာကူဟာ အင်တာနဲ့ အငှားစာချုပ် ကုန်ဆုံးပြီးနောက် စာချုပ်သက်တမ်း ၃ နှစ်ကျန်သေးတဲ့ ချဲလ်ဆီးအသင်းရဲ့ ရာသီကြို အမေရိကန်ခရီးစဥ်ကို မလိုက်သွားဘဲ အသင်းပြောင်းဖို့ ကြိုးစားခဲ့ရာကနေ ရိုးမားအသင်းကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
ရိုမီရိုလူကာကူဟာ ရိုးမားအသင်းမှာ နည်းပြမော်ရင်ဟိုနဲ့ ၃ ကြိမ်မြောက်အဖြစ် ပြန်လည်ဆုံတွေ့ရမှာ ဖြစ်ပါတယ်။
လူကာကူဟာ အန်ဒါလက်ခ်ျအသင်းနဲ့အတူ ဘယ်လ်ဂျီယံချန်ပီယံဆု၊ ချယ်လ်ဆီးအသင်းနဲ့အတူ အက်ဖ်အေဖလားနဲ့ ကလပ်ကမ္ဘာ့ဖလား၊ အင်တာအသင်းနဲ့အတူ အီတလီစီးရီးအေ အမှတ်ပေးဖလား၊ ကိုပါအီတာလီယာဖလားနဲ့ အီတလီစူပါဖလားတို့ကို ဆွတ်ခူးခဲ့ပါတယ်။
Photo-Reuters