ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လက်ခတ်တောင်ပေါ်က တာဝါတိုင်စခန်းကုန်းပေါ်မှာ ဘုရားရုပ်ပွားတော်တွေနဲ့အတူ စစ်ကောင်စီတပ်က ယတြာချေထားတဲ့ ဂြိုလ်သားပုံရုပ်တုတွေ အတော်တော်များများတွေ့ရှိရတယ်လို့ ကော်ဘရာစစ်ဆင်ရေးမှူးက ဒီဗွီဘီကို ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၆ နယ်မြေထဲက စစ်ကောင်စီအတွက် စစ်ရေးဗျူဟာအရအရေးပါတဲ့ မြဝတီမြို့တောင်ဘက် လက်ခတ်တောင်ပေါ်က တာဝါတိုင်စခန်းကုန်းဟာ စစ်ကောင်စီအခိုင်အမာတပ်စွဲခဲ့တဲ့နေရာ ဖြစ်ပါတယ်။
ဇူလိုင်လ ၂၁ ရက်နေ့က လက်ခတ်တောင် လက်ခတ်တောင်ပေါ်က တာဝါတိုင်စခန်းကုန်းကို KNLA ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းခဲ့ပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာဘုရားစေတီတွေအတွင်း ခိုင်အမာဆောက်လုပ်ထားတဲ့ ဘန်ကာ ၊ ကတုတ်ကျင်းတွေနဲ့အတူ ဘုရားဆင်တုတွေ၊ ဂြိုလ်သားပုံရုပ်တုတွေကို နေရာတိုင်းလိုလိုမှာ ၄ ရုပ်ကနေ ၅ ရုပ်အထိ စိုက်ထူထားတာကို အများအပြားတွေ့နေရတာပါ။
ကော်ဘရာစစ်ဆင်ရေးမှူး ဗိုလ်ဒါဘော်က” အခုဆိုရင် လက်ခတ်တောင်မှာ ရုပ်တုတွေ တွေ့ရတယ်။ ဒါတွေက ဘာသာရေးအရကြည့်ရင် ဒီရုပ်တုတွေက ဝိနည်းနဲ့မှ မကိုက်ညီတာ။ သူတို့(စစ်ကောင်စီ)က ဘာလုပ်လုပ် ယတြာတွေ ချေမယ်။ တွက်မယ် ချက်မယ်။ တိုက်ပွဲတပွဲဆိုရင် ကန်တော့ပွဲပေးပြီး ထွန်းတာတို့ နေရာတစ်ခုသွားတော့မယ်ဆိုရင် နမ်နှိမ်ပြီးလုပ်တာတို့ အဲဒါမျိုးတွေ တောက်လျှောက်ကြားနေရတာပဲ။ ဒါတွေက သူတို့လုပ်နေကြပဲ”လို့ ပြောပါတယ်။
ဩဂုတ်လ ၃၁ ရက် ည ၉ နာရီလောက်က KNLA ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့တွေ ရှိရာကို စစ်ကောင်စီတပ်တွေက မြေပြင်ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ ရှေ့တန်းရဲဘော်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက် နေ့လည် ၂ နာရီလောက်က မြဝတီမြို့တောင်ဘက် လက်ခတ်တောင်ပေါ်က တာဝါတိုင်စခန်းကုန်းကို စစ်ကောင်စီက လေကြောင်းကနေ ၃ ကြိမ်တိုက်ခိုက်ခဲ့ရာ သာသနိကအဆောက်အအုံနဲ့ ဘုရားစေတီတွေ ထိမှန်ပျက်စီးခဲ့ပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ တဖက်မှာ ဘုရားတည် ကျောင်းဆောက်ပြနေပြီး တဖက်မှာ လည်း နိုင်ငံအတွင်းက ဘုရားစေတီ၊ ဘုန်းကြီးကျောင်းနဲ့ သာသနိကအဆောက်အအုံ၊ ဘာသာရေးအဆောက်အအုံ၊ ခရစ်ယာန်ဘုရားကျောင်းတွေပါမချန် မြေပြင်လက်နက်ကြီးအပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အပြင် မြေပြင်မှာလည်း စစ်ကောင်စီစစ်ကြောင်းတွေက မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေပါတယ်။