မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ တိုင်းကျန်းမာရေးဦးစီးဌာနရုံးရှေ့မှာ သြဂုတ် ၃၁ ရက် နေ့လယ် ၁ နာရီခွဲက ဗုံးသုံးကြိမ်ပေါက်ကွဲမှုဖြစ်ပြီး လက်ထောက်ညွန်ကြားရေးမှူးနဲ့ ဝန်ထမ်း လေးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက် လမ်း ၇၀၊ ၂၇ နဲ့ ၂၈ လမ်းကြားရှိ တိုင်း ကျန်းမာရေးဦးစီးဌာနရုံးမှာ မနေ့မွန်းလွဲ ၁ နာရီလောက်က ဗုံးပေါက်ကွဲရာမှာ လာကြည့်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဗုံးနဲ့ ထပ်မံ ပစ်ခတ်တိုက်ခိုက်ခံရတာလို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ကနဦးပေါက်တဲ့ဗုံးက လူမထိဘူး။ စစ်တပ်ကလာပြီး စစ်တဲ့အချိန်မှ ဗုံးနဲ့ထပ်ပြီး အပစ်ခံရတာ။ ပစ်လိုက်တဲ့ဗုံးက ရုံးဝင်ပေါက်ရယ်၊ ဝင်စာထွက်စာဌာနနားမှာကျပြီး ပေါက်တာ။”
ပေါက်ကွဲမှုဖြစ်စဉ်ကို လာရောက်စစ်ဆေးတဲ့ စစ်ကောင်စီတပ်ကို ဆိုင်ကယ်စီးလာသူက ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အနီးဝန်းကျင်ရှိတဲ့ လက်ထောက်ညွန်ကြားရေးမှူးနဲ့အဖွဲ့နားမှာ ကျရောက်ကာ ထပ်မံ ပေါက်ကွဲခဲ့တာလို့ ဌာနဆိုင်ရာဝန်ထမ်းတဦးက ဒီဗွီဘီ ကိုပြောပါတယ်။
"လက်ထောက်ညွှန်ကြားရေးမှူးက စိုးရိမ်ရတယ်။ ကျန်တဲ့ဝန်ထမ်းတွေက မစိုးရိမ်ရဘူး မန္တလေးဆေးရုံကြီးမှာ ပို့ထားတယ်"လို့ ရှင်းပြပါတယ်။
အဆိုပါဗုံးကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေကတော့ လက်ထောက်ညွန်ကြားရေးမှူးတဦး၊ ရုပ်သံကျွမ်းကျင် (၄)အဆင့်ရှိ တဦး၊ အကူဝန်ထမ်းနှစ်ဦးနဲ့ နေ့စားဝန်ထမ်းတဦး စုစုပေါင်း ၅ ဦး ဖြစ်တယ်လို့ ဌာနဆိုင်ရာနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၁ ရက် မနက်ကလည်း ချမ်းမြသာစည်မြိုနယ်၊ ၆၈ လမ်း၊ ၁၀၁ လမ်း(သိပ္ပံလမ်း) နဲ့ ၁၀၂လမ်းကြားရှိ တိုင်းရသုံးမှန်း ခြေငွေစာရင်းရုံး ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။