ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ ၈ ရပ်ကွက်၊ ရေကျော်မြောင်းကြီးလမ်းရှိ ၈ လွှာတိုက်ခန်းမှာ ဩဂုတ် ၃၀ ရက်၊ မွန်းလွဲပိုင်းက အမျိုးသမီး ၁ ဦး ရွှေနဲ့ ပိုက်ဆံ လုယက်ခံရပြီး တရားခံ ၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ပုစွန်တောင်ရဲစခန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အဲ့ဒီမွန်းလွဲပိုင်းက အသက် ၂၅ နှစ်အရွယ် မရီရီမြင့်ကို ဆိုက်ကားနင်းအလုပ်လုပ်ကိုင်တဲ့ အသက် ၁၈ နှစ်အရွယ် အမျိုးသားနဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသားတို့က လည်ပင်းနဲ့ နံရိုးကြားကို ဓားနဲ့ထိုးသွင်းခဲ့တာ ဖြစ်ပါတယ်။
ကယ်ဆယ်ရေးအသင်းဝင်တဦးက “တာဝန်ရှိသူတွေက ရောက်နှင့်နေပါပြီ။ DB က အမျိုးသမီးပါ။ သူ့အမျိုးသားက ရွှေနဲ့ပိုက်ဆံ ၇၅ သိန်း ပျောက်နေတယ်လို့ပါ ပြောတယ်။ တရားခံ ၂ ဦးက မိထားပြီးပါပြီ။ လူနာက လည်ပင်းပြတ်ရှဒဏ်ရာ၊ နံရိုးထိုးသွင်းဒဏ်ရာနဲ့ DB ပါ” လို့ ပြောပါတယ်။
သက်ဆိုင်ရာနဲ့ ကယ်ဆယ်ရေးအသင်းတွေ ရောက်ရှိစစ်ဆေးချိန်မှာ အဆိုပါအမျိုးသမီးဟာ သေဆုံးနေပြီဖြစ်ပြီး သေဆုံးသူရဲ့ ယောက်ျားတော်စပ်သူ ပြောပြချက်အရ စက္ကူပုံးထဲ ထည့်ထားတဲ့ ပိုက်ဆံ ၇၅ သိန်းနဲ့ ရွှေထည်ပစ္စည်းတချို့ပါ ပျောက်ဆုံးနေခဲ့တာလို့ သိရပါတယ်။
သေဆုံးသူရုပ်အလောင်းကို အရပ်ဘက်အသင်းယာဥ်နဲ့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးထားတယ်လို့ သိရပြီး တရားခံ ၂ ဦးကို ပုဇွန်တောင်ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားကာ သက်ဆိုင်ရာ ဥပဒေပုဒ်မနဲ့ အရေးယူသွားမယ်လို့ သိရပါတယ်။