ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်တွေ မိုးကာနဲ့ ရိက္ခာတွေ လိုအပ်နေတယ်လို့ စစ်ရှောင်စခန်းတာဝန်ရှိသူတယောက်က ပြောပါတယ်။
ဒီးမော့ဆို အနောက်ဘက်ခြမ်း လွိကထိစစ်ရှောင်စခန်း ရပ်ကွက် ၄ ခုဖြစ်တဲ့ (ရပ်ကွက် ၁၊ ၂၊ ၃၊ ၄)တို့မှာ စစ်ဘေးရှောင်နေရတဲ့ လူဦးရေ ၇၀၀ ကျော်အတွက် အကူအညီတွေလိုအပ်နေတာပါ။
စစ်ရှောင်စခန်းတာဝန်ရှိသူတယောက်က “ကျမတို့က တဲနဲ့နေရတော့ လိုအပ်ချက်ကတော့ မိုးကာလိုတယ်။ ရေလှောင်ကန်အတွက်ကောပေါ့။ ဆန်ဈေးတွေကလည်း တအားတက်လာတော့ စားဝတ်နေရေးပိုင်းမှာ တော်တော်အခက်အခဲ ဖြစ်တယ်”လို့ ပြောပါတယ်။
စစ်ရှောင်ရတာ ၂ နှစ်ကျော်လာပေမဲ့ အခုချိန်ထိ နေရပ်မပြန်နိုင်သေးတာကြောင့် လုပ်ကိုင်စားသောက်ဖို့ ခက်ခဲပြီး တဲအိမ်တွေက နေဒဏ်၊ လေဒဏ်၊ မိုးဒဏ်တွေ ခံရတဲ့အတွက် ဆွေးမြေ့ကုန်တယ်လို့ သိရပါတယ်။
လက်ရှိပြည်တွင်းမှာ ကုန်ဈေးနှုန်းတွေ ပိုမြင့်တက်လာတာကြောင့် စစ်ဘေးရှောင်တွေအရေး ကူညီပေးသူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ကြီးမားတဲ့စိန်ခေါ်မှုတွေ ဖြစ်လာတယ်လို့ သိရပါတယ်။
ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ခေါက်တုံစစ်ရှောင် စာသင်ကျောင်းက ကလေးတွေအတွက် လိုအပ်နေတဲ့ ပစ္စည်းတွေကို သြဂုတ် ၂၉ ရက်မှာ သွားရောက်ကူညီပေးဖြစ်တယ်လို့ Dove KKအဖွဲ့ တာဝန်ခံ ကိုနိုင်းနိုင်းက ပြောပါတယ်။
စာသင်ကျောင်းအတွက် မိုးကာအကာအရံတွေ၊ သင်ထောက်ကူနဲ့ စာရေးကိရိယာတွေ၊ မုန့်နဲ့ ကွေကာတွေ၊ အမျိုးသမီးတွေအတွက် လစဥ်သုံးပစ္စည်းတွေ၊ စိတ်ဓာတ်မြှင့်တင်ရေးတွေအပြင် စစ်ရှောင်ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ကူညီပေးဖြစ်တယ်လို့သိရပါတယ်။
Dove KKအဖွဲ့ တာဝန်ခံ ကိုနိုင်းနိုင်းက "ဒီတကြိမ်ကတော့ သူတို့က အရေးပေါ်မိုးကာလိုအပ်နေတယ်လို့ပြောလို့ သေချာစီစဥ်ထားတာမရှိသေးဘဲ အတတ်နိုင်ဆုံး ကူညီပေးဖြစ်တာပေါ့။ စာရေးကိရိယာတွေ၊ဆေးဝါးတွေကတော့ အရင်ကလည်း ကူညီပေးဖြစ်တယ်ပေါ့၊ တိုက်ပွဲတွေကြားက မိုဘိုင်းဆေးခန်းလေးတွေ လုပ်ဖြစ်တာပေါ့နော်"လို့ ပြောပါတယ်။
ခေါက်တုံ စာသင်ကျောင်းမှာ မူလတန်းကနေ ရှစ်တန်းအထိရှိပြီး ကျောင်းသား ၈၈ ယောက်ကို စေတနာ့ဝန်ထမ်း ဆရာ ၊ ဆရာမ ၁၃ ယောက်က ပညာသင်ကြားပေးနေတယ်လို့ သိရပါတယ်။
စာသင်ကျောင်းက ကိုယ်ထူကိုယ်ထကျောင်းဖြစ်တဲ့အပြင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် အလှူရှင်လာရောက်ကူညီပေးမှု နည်းပါးပြီး လိုအပ်ချက်တွေ အခက်အခဲတွေရှိနေတယ်လို့ ကျောင်းတာဝန်ခံဆီက သိရပါတယ်။
ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူတွေက ၂ သိန်းခွဲကျော်ရှိနေပြီး ကလေးငယ်တွေရဲ့အနာဂတ်အတွက် ပညာရေးသင်ကြားမှုမှာ အခက်အခဲတွေရှိတဲ့အပြင် သင်ထောက်ကူနဲ့ စာရေးကိရိယာတွေ၊ မိုးကာတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီပေးသူတွေဆီက သိရပါတယ်။
ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်ပြည်သူ ၂ သိန်းခွဲကျော် ရှိနေပြီး စစ်ရှောင်ကာလ ကြာလာတာနဲ့ အမျှ စားနပ်ရိက္ခာနဲ့ မိုးကာတွေ လိုအပ်နေသလို ကလေးငယ်တွေ ပညာရေးသင်ကြားရေးအတွက်လည်း သင်ထောက်ကူပစ္စည်းနဲ့ စာရေးကိရိယာတွေ လိုအပ်နေပါတယ်။