ဥရောပသမဂ္ဂ (အီးယူ) ဒေသတွင်း အကြီးမားဆုံး တောမီးလောင်ကျွမ်းမှုကို ကူညီငြှိမ်းသတ်ဖို့ အီးယူရဲ့ အရပ်ဘက်ကာကွယ်ရေး ယန္တရားဟာ စုစုပေါင်း လေယာဉ် ၁၂ စင်း၊ မီးသတ်သမား အယောက် ၄၀၀ နဲ့ ကားအစီးရေ ၆၀ ကို ဂရိနိုင်ငံဆီ စေလွှတ်ခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူတဦးက သြဂုတ် ၂၉ ရက်မှာ ပြောလိုက်ပါတယ်။
ဂရိနိုင်ငံ အရှေ့မြောက်ပိုင်း အလက်ဇန်ဒရိုပိုလစ်ဒေသမှာ သစ်တော ဟက်တာ ၈၁,၀၀၀ ကျော် မီးလောင်ခဲ့တာပါ။ ဒါဟာ ၂၀၀၀ ပြည့်နှစ်မှာ ဥရောပ တောမီးသတင်းအချက်အလက်စနစ် (EFFIS) က ဒေတာမှတ်တမ်းတင်မှု စတင်ပြီးတဲ့နောက် အကြီးမားဆုံးတောမီး ဖြစ်တယ်လို့ အီးယူက ပြောပါတယ်။
ဒီတောမီးကြောင့် လူ ၂၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ ဂရိနိုင်ငံမှာ နွေရာသီ တောမီးတွေ အဖြစ်များပေမဲ့ ရာသီဥတုပြောင်းလဲမှုနဲ့ ဆက်စပ်နေတဲ့ အခြေအနေတွေ အခုနှစ်မှာ ပိုမိုပြင်းထန်လာတယ်လို့ သိပ္ပံပညာရှင်တွေက ပြောခဲ့ပါတယ်။
ဂရိနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ၁၁ ရက်ကြာ လောင်ကျွမ်းနေတဲ့ တောမီးဟာ နယူးယောက်မြို့ထက် ပိုကြီးတဲ့ ဧရိယာကို ပျက်စီးစေခဲ့တယ်လို့ ဥရောပသမဂ္ဂ ကျောထောက်နောက်ခံပြု ကော့ပါးနီးကတ်စ် ရာသီဥတု ပြောင်းလဲမှုဌာနက သြဂုတ် ၂၉ ရက်မှာ ပြောပါတယ်။
လေပြင်းတိုက်ပြီး ပူပြင်းတဲ့ ရာသီဥတုကြောင့် အလက်ဇန်းဒရိုပိုလစ်မြို့နားမှာ စတင်လောင်ကျွမ်းတဲ့မီးဟာ အက်ဗ်ရော့စ် ဒေသတခွင်လုံးကို အမြန်ပျံ့နှံ့သွားခဲ့ပြီး အခုနှစ် နွေရာသီမှာ ဥရောပရဲ့ အသေအပျောက်အများဆုံး တောမီးလောင်မှု ဖြစ်လာခဲ့တာပါ။
ဂရိနဲ့ ဥရောပမှာရှိတဲ့ အရေးအကြီးဆုံး ကာကွယ်နယ်မြေတွေထဲက တခုဖြစ်တဲ့ ဒါဒီယာ အမျိုးသားဥယျာဉ်ရဲ့ ဧရိယာ ၃၀ ရာခိုင်နှုန်းထက်မနည်း မီးလောင်ပျက်စီးသွားတယ်လို့ ဂရိနိုင်ငံ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ရန်ပုံငွေအဖွဲ့ ပါနာဂျီယိုတာ မာရာဂူရဲ့ ပြန်ကြားရေးဌာန အကြီးအကဲက ပြောပါတယ်။
ဆားဘီးယား၊ ဆလိုဗက်ကီးယား၊ ချက်သမ္မတနိုင်ငံနဲ့ အယ်လ်ဘေးနီးယားနိုင်ငံက မီးသတ်သမား ရာနဲ့ချီပြီး ဂရိတောမီးကို ငြှိမ်းသတ်နေတယ်လို့ မီးသတ်တပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters