နိုင်ဂျီးရီးယားနိုင်ငံ၊ ဒဲလ်တာပြည်နယ်၊ ဝေါရီမြို့ရဲ့ တောင်ဘက်စွန်းရှိ အက်ခ်ပန်မြို့က လိင်တူချစ်သူ ဂေးမင်္ဂလာဆောင်တခုကို နိုင်ဂျီးရီးယားရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး လူ ၆၇ ဦးကို ဖမ်းဆီးခဲ့ပါတယ်။
လိင်တူချစ်သူ မင်္ဂလာဆောင် လှည့်လည်ပွဲ လုပ်နေကြောင်း သတင်းပေးချက်အရ အရင်ဆုံး လူ ၂၀၀ လောက်ကို ဖမ်းဆီးခဲ့ကြောင်း ဒဲလ်တာပြည်နယ် ရဲတပ်ဖွဲ့ရဲ့ ပြည်သူ့ဆက်ဆံရေးအဖွဲ့က ထုတ်ပြန်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ ဘရိုက်ထ် အီဒါဖှေးက ပြောပါတယ်။
သြဂုတ် ၂၇ ရက်က ရဲတပ်ဖွဲ့ဟာ အခမ်းအနားနဲ့ပတ်သက်ပြီး သတင်းပေးချက်တွေအရ အမျိုးသမီးတဦးလို ဝတ်စားပြင်ဆင်ထားတဲ့ အမျိုးသားတဦးကို စစ်ဆေးမေးမြန်းခဲ့ကြောင်း ဒဲလ်တာရဲတပ်ဖွဲ့ ပြည်သူ့ဆက်ဆံရေးအရာရှိ ဘရိုက်ထ် အီဒါဖှေးက ပြောကြားခဲ့ပါတယ်။
“သူတို့ မင်္ဂလာဆောင် အခမ်းအနားကျင်းပနေတဲ့ ဗီဒီယိုမှတ်တမ်း ရှိတယ်။ သူတို့ကို စစ်ဆေးပြီးနောက်မှာ လှည့်လည်ပွဲမှာ လိုက်ပါချီတက်ခဲ့တဲ့ သံသယရှိသူ ၆၇ ဦးလောက်ကိုလည်း စုံစမ်းစစ်ဆေးဆဲဖြစ်တယ်။”
စုံစမ်းစစ်ဆေးမှု ပြီးဆုံးသွားရင်တော့ ဒဲလ်တာပြည်နယ်သားတွေနဲ့ နိုင်ဂျီးရီးယားလူမျိုးတွေကို တရားရုံးမှာ အမြန်ဆုံး တရားစွဲဆိုခံရမှာဖြစ်ကြောင်း ဘရိုက်ထ်က ပြောပါတယ်။
၂၀၁၃ ခုနှစ်မှာ အတည်ပြုပြဋ္ဌာန်းထားတဲ့ လိင်တူချစ်သူဆန့်ကျင်ရေး ဥပဒေအရ ပြစ်မှုထင်ရှား စီရင်ခြင်းခံရရင် အနည်းဆုံး ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်ခံရမှာဖြစ်ပြီး ဒီလူတွေကို ကူညီပံ့ပိုးသူတွေက ထောင် ၁၀ နှစ်လောက် ကျနိုင်တာဖြစ်ပါတယ်။
Source/Photo-Reuters