ယူကရိန်းနိုင်ငံသားတွေကို စစ်မှုထမ်းဖို့ သင့်တော်မှုရှိမရှိ အကဲဖြတ်ပေးတဲ့ ဆေးဘက်ဆိုင်ရာ ကော်မရှင်တွေဟာ အကျင့်ပျက် လာဘ်စားပြီး ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တဲ့အပေါ် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးက သြဂုတ် ၃၀ ရက်မှာ ပြစ်တင်ဝေဖန် ရှုတ်ချလိုက်ပါတယ်။
တချို့ဒေသတွေမှာ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့် အရေအတွက်ဟာ ဆယ်ဆလောက် တိုးလာခဲ့ပြီး ဥပဒေစိုးမိုးရေးဟာ ဒေါ်လာထောင်ပေါင်းများစွာတန်တဲ့ လာဘ်ပေးလာဘ်ယူမှုကို လက်ခံထားတဲ့ အရာရှိတွေရဲ့ ဖြစ်ရပ်တွေကို မှတ်တမ်းတင်ထားတယ်လို့ ဇလန်းစကီးက သူ့ရဲ့ ညစဉ်မိန့်ခွန်းမှာ ပြောသွားပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက် နောက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ မသန်စွမ်းမှုနဲ့ စစ်မှုထမ်းခြင်းအတွက် ကြံ့ခိုင်မှုမရှိခြင်းနဲ့ ပတ်သက်တဲ့ စစ်ဘက် ဆေးဘက်ဆိုင်ရာ ကော်မရှင်တွေရဲ့ သိသာထင်ရှားတဲ့ ဆုံးဖြတ်ချက်တွေကို ပြန်လည်သုံးသပ်ဖို့ လိုအပ်ကြောင်းလည်း ပြောပါတယ်။
စစ်ဘက် ဆေးဘက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲတွေရဲ့ တရားမျှတမှုမရှိတဲ့ ဆုံးဖြတ်ချက်တွေကို ဥပဒေစိုးမိုးရေး အာဏာပိုင်တွေက ရှင်းရှင်းလင်းလင်း ဖော်ထုတ်ထားပြီးသားဖြစ်ပြီး ခိုင်မာတဲ့ အထောက်အထားတွေကို မှတ်တမ်းတင်ထားကြောင်းနဲ့ ဒါကိုလည်း တံခါးပိတ် အစည်းအဝေးထဲမှာ ဆွေးနွေးထားတယ်လို့ ဆိုပါတယ်။
တိုင်းဒေသအသီးသီး၊ နယ်မြေခြားနားတဲ့ စစ်ကော်မရှင်ရုံးတွေ၊ မတူညီတဲ့ အရာရှိတွေရဲ့ ဒေါ်လာ ၃,၀၀၀ ကနေ ဒေါ်လာ ၁၅,၀၀၀ အထိ လာဘ်ပေးလာဘ်ယူမှုတွေကို မှတ်တမ်းတင်ထားကြောင်းနဲ့ ဒါတွေကို သူတို့တာဝန်ယူရလိမ့်မယ်လို့လည်း ပြောပါတယ်။
စစ်တပ်ဆေးဘက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲတွေရဲ့ သံသယဖြစ်ဖွယ် ဆုံးဖြတ်ချက်တွေကြောင့် နိုင်ငံရပ်ခြားကို ထွက်သွားကြသူတွေစာရင်းနဲ့ ပတ်သက်ပြီး သီးခြားဆန်းစစ်မှုတွေ လုပ်သွားမယ်လို့လည်း ယူကရိန်းသမ္မတက ပြောပါတယ်။
စစ်တပ်ဟာ အဂတိလိုက်စားမှု သို့မဟုတ် ညံ့ဖျင်းတဲ့ စစ်သားစုဆောင်းရေး နည်းဗျူဟာတွေ အပါအဝင် အရှုပ်တော်ပုံတွေကြောင့် ထိခိုက်မှုရှိနေပါတယ်။
အကျင့်ပျက်ခြစားမှုနဲ့ အလွဲသုံးစားမှုတွေ အပါအဝင် နိုင်ငံတဝန်း စုံစမ်းစစ်ဆေးမှုတွေကနေ အမှုအများအပြားကို ဖော်ထုတ်ခဲ့ပြီးနောက်မှာ ဇလန်းစကီးဟာ ဒေသဆိုင်ရာ စုဆောင်းရေးရုံးတွေရဲ့ အကြီးအကဲအားလုံးကို ရာထူးကထုတ်ပယ်ဖို့ အမိန့်တရပ်ကို ဩဂုတ်လ အစောပိုင်းမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဇလန်းစကီးဟာ ရုရှားရဲ့ ၁၈ လကြာ ကျူးကျော်စစ်ကို တန်ပြန်ထိုးစစ်နဲ့ ဆက်လက်ဖိအားပေးနေချိန်မှာပဲ အကျင့်ပျက်ခြစားမှုကိုလည်း ဦးစားပေး နှိမ်နင်းခဲ့ပါတယ်။
Source/Photo-Reuters