ရန်ကုန်၊ မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ဇေယျာမွန်အိမ်ရာမှာ ဖွင့်လှစ်ထားတဲ့ သုခရှင်ဆန်ဆိုင် ဓားပြတိုက်မှုမှာ ပြစ်မှုကျူးလွန်သူ ၉ ယောက်ကို သြဂုတ် ၃၀ ရက်က ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
သုခရှင်ဆန်ဆိုင်မှာ သြဂုတ် ၂၈ ရက် နေ့လယ် ၂ နာရီခွဲက အမျိုးသား ၆ ယောက် ဝင်ရောက် လုယက်ခဲ့တဲ့ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူနဲ့အတူပါဝင်သူတွေကိုပါ ဖမ်းမိခဲ့တာဖြစ်တယ်လို့ ရပ်ကွက် နေသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
လုယက်မှုဖြစ်တဲ့နေ့က ပြစ်မှုကျူးလွန်သူတွေဟာ သုခရှင်ဆန်ဆိုင်ကို ပရိုဘောက်ကားနဲ့ ရောက်လာပြီး ၃ ယောက်ကအပြင်မှာ စောင့်ကြည့်ကာကျန် အမျိုးသား ၆ ယောက်က ဝင်ရောက်လုယက်ခဲ့တာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
"စစ်တပ်က ဘယ်မှာ ဖမ်းမိတယ်ဆိုတာကို မပြောဘူး။ ရန်ကုန်မြို့တနေရာပဲ ပြောတာ ဖုန်းတလုံးနဲ့ငွေ ကျပ် ၁၈၈ သိန်းပြန်ရတယ်။ အခု မရမ်းကုန်းရဲစခန်းမှာ စစ်ဆေးနေပါတယ်။”
ဖမ်းမိထားသူတွေကတော့ ကောင်းစည်သူဖြိုး (ခ) လှစည်သူ၊ ပြည်ဖြိုးအောင် (ခ) သာဓု၊ မောင်မောင်ထွေး၊ ရှိုင်းထက်အောင် (ခ) သံချောင်း၊ ကျော်စွာလင်း (ခ) ကျားကြီး၊ လင်းလင်းနိုင် (ခ) ကိုလင်း၊ နိုင်ထက်လင်း (ခ) အဖိုးကြီးနဲ့ အောင်ကျော်ကျော် (ခ) အောင်ကျော်တို့ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
လတ်တလောမှာ ပြစ်မှုကျူးလွန်သူ ၉ ဦးကို ငွေကျပ် ၁၈၈ သိန်း၊ ဖုန်းတလုံးနဲ့ အတူ မရမ်းကုန်းမြို့မရဲစခန်းမှာ စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။