မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်မှာ ဩဂုတ် ၃၀ ရက် မနက် ၉ နာရီလောက်က အေဒီ ၁၁ ရာစုခေတ်က အုတ်ခွက်ဘုရားတွေ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီအုတ်ခွက်ဘုရားတွေကို အ.ထ.က ၄ ကျောင်း (ယခင်) BC ကျောင်းဝင်းထဲမှာ အဆောက်အဦ အသစ်ဆောက်လုပ်ဖို့ မြေတူးရာက ရှေးဟောင်းအုတ်ခွက်ဘုရား ၁၈ ဆူ တွေ့ရှိခဲ့တာပါ။
“ကျောင်းဆောင်သစ်ဆောက်ဖို့ မြေတူးရာကနေ အနက် ၄ ပေကျော်လောက်မှာ တွေ့ရတာ။ ဒီအနီးဝန်းကျင်မှာက မြေတူးလိုက်တိုင်း အုတ်ခွက်ဘုရားတွေ တွေ့ရတတ်တယ်။ အရင်ခေတ်က အုတ်ခွက်ဘုရားတွေ သွန်းလုပ်တဲ့နေရာတခုဖြစ်နိုင်တယ်” လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
မြေတူးရာကနေ ထွက်ပေါ်လာတဲ့ အုတ်ခွက်ဘုရားတွေမှာ မုဒြာပုံဟန်ပါတဲ့ ဘုရားရုပ်တုတွေဖြစ်ပြီး လတ်တလောမှာတော့ အထက ၄ ကျောင်းအတွင်းမှာပဲ သိမ်းဆည်းထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းကလည်း အ.ထ.က (၄) ကျောင်းနဲ့ မျက်နှာချင်းဆိုင်ရှိ အ.ထ.က ၂ ကျောင်းဝင်းအတွင်း မြို့နယ်ပညာရေးမှူးရုံးဆောက်လုပ်ဖို့ မြေကြီးတူးချိန်မှာလည်း အခုလို အုတ်ခွက်ဘုရား ၅၀ ကျော်ကို တွေ့ခဲ့ရပါတယ်။
ဒါ့အပြင် ၂၀၁၈ ခုနှစ်က အ.ထ.က (၄) ကျောင်းနဲ့ ခြံစည်းရိုးကပ်လျက် ငှက်တွင်းဘုန်းကြီးကျောင်းအတွင်းမှာ မြေတူးချိန် ၁ ကြိမ်၊ ၂၀၂၀ ပြည့်နှစ်က ခရစ်ယာန်ဘုရားကျောင်းအတွင်း မြေတူးချိန် ၁ ကြိမ် အုတ်ခွက်ဘုရားအရေအတွက် ရာနဲ့ချီ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။